ရီးရဲမက်ဒရစ်အသင်း ကမ္ဘာ့ကလပ်ဖလားအား စံချိန်တင်ဆွတ်ခူး

ကမ္ဘာ့ကလပ်ဖလားဗိုလ်လုပွဲကို ဒီဇင်ဘာ ၂၂ ရက်ညပိုင်းက စပိန်နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းနှင့် အဘူဒါဘီကလပ် အယ်လ်အိန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ရီးရဲမက်ဒရစ်အသင်းက လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြီး ကမ္ဘာ့ကလပ်ဖလားအား စံချိန်တင်ဆွတ်ခူးနိုင်ခဲ့ကြောင်း ဘီဘီစီသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။ ရီးရဲမက်ဒရစ်အသင်းသည် ကမ္ဘာ့ကလပ်ဖလားကို သုံးနှစ်ဆက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လေးကြိမ်ဗိုလ်စွဲထားကာ အကြိမ်ရေအများဆုံး ရယူထားနိုင် သည့် အသင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ရီးရဲမက်ဒရစ်အသင်းနှင့်အတူ ဆုဖလား ၁၅ လုံးအထိ ရယူထားနိုင်သော လူကာမိုဒရစ်သည် အသင်းအတွက် ဗိုလ်လုပွဲတွင် ပထမဆုံးအကြိမ် ဂိုးသွင်းယူနိုင်ခဲ့ကြောင်းလည်း သိရသည်။ ရီးရဲမက်ဒရစ်အသင်းအတွက် ဂိုးများကို ပွဲကစားချိန် ၁၄ မိနစ်တွင် တိုက်စစ်ကစားသမား ဘင်ဇီမာ၏ ဖန်တီးပေးမှုမှတစ်ဆင့် မိုဒရစ်က အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီး မိနစ် ၆၀ တွင် မာကို့စ် လော်ရန်တီ၊ ၇၈ မိနစ်တွင် ဆာဂျီယိုရာမို့စ်တို့၏ သွင်းဂိုးများဖြင့် ပြိုင်ဘက်အသင်းအပေါ် ဂိုးပြတ်ဦးဆောင်နိုင်ခဲ့သည်။ အယ်လ်အိန်အတွက် ချေပဂိုးကို ပွဲကစားချိန် ၈၆ မိနစ်တွင် ရှီယိုတာနီက သွင်းယူ နိုင်ခဲ့ပြီး မိနစ် ၉၀ တွင် အယ်လ်အိန်အသင်းမှ နာဒါက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့၍ ရီးရဲမက်ဒရစ်တို့ လေးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကွင်းလယ်ကစားသမား တိုနီခရူးသည် ကမ္ဘာ့ကလပ် ဗိုလ်လုပွဲခြောက်ပွဲတွင် ငါးကြိမ် ဆုဖလားရယူထား နိုင်သည့် ကစားသမားတစ်ဦးဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ အဆိုပါဆုဖလားကို ရယူထားနိုင်ခဲ့ပြီး ၂၀၁၄၊ ၂၀၁၆၊၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်တို့တွင် ရီးရဲမက်ဒရစ်အသင်းနှင့်အတူ ရယူထားနိုင် ကြောင်း သိရသည်။

 

အောင်ဇော်