ဧပြီ ၆

လာအိုနိုင်ငံတွင် နှစ်စဉ် လူပေါင်း ၆၀၀၀ ကျော်သည် ဆေးရွက်ကြီးနှင့်ဆက်စပ်သောရောဂါများကြောင့် သေဆုံးကြပြီး လာအိုကစ်ပ် ၃ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ သန်းခန့်) ကျော် စီးပွားရေးဆုံးရှုံးမှုများ ဖြစ်ပေါ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားခဲ့သည်။

လာအိုကျန်းမာရေးဝန်ကြီး Baykham Khattiya ဦးဆောင်သော အမျိုးသားဆေးရွက်ကြီးထိန်းချုပ်ရေးကော်မတီ၏အစည်းအဝေးတွင် ထိုကိန်းဂဏန်းကို ထုတ်ပြန် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အဆိုပါအစည်းအဝေး၌ ဆေးရွက်ကြီးထိန်းချုပ်ရေးအစီအမံများ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ကြောင်း လာအိုသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

အီလက်ထရွန်းနစ်စီးကရက်များကို ပိတ်ပင်ခြင်း၊ ဆေးရွက်ကြီးထုတ်ကုန်အသစ်များ ပေါ်ပေါက်လာခြင်းနှင့် စည်းမျဉ်းများ အားကောင်းလာစေရန် ဥပဒေကြောင်းအရ အတားအဆီးများကဲ့သို့သော လက်ရှိစိန်ခေါ်မှုများကိုလည်း တာဝန်ရှိသူများကမီးမောင်းထိုးပြခဲ့သည်။

ဆေးရွက်ကြီးလုပ်ငန်းသည် ပြည်သူ့ကျန်းမာရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကဲ့သို့သော ကူးစက်မှုမဟုတ်သောရောဂါများကို ဖြစ်ပွားစေကြောင်း ကျန်းမာရေးဝန်ကြီးက သတိပေးပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို