နေပြည်တော် ၁၇ ဧပြီ 


ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ မိဘပြည်သူတိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ယနေ့အချိန်အခါဟာ နှစ်ဟောင်းမှသည် နှစ်သစ်သို့ကူးပြောင်းတဲ့ကာလ ဖြစ်ပါတယ်။ မိမိတို့အနေဖြင့် ပြည်သူဗဟိုပြု ဒီမိုကရေစီစနစ်ပိုမိုထွန်းကားလာအောင် ခေတ်စနစ်နှင့် လျော်ညီခြင်း မရှိတဲ့ ဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများ ပြုလုပ်နေသလို ပြည်သူတွေရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေမယ့် အခြေခံလူ့အခွင့်အရေးများကို အကာအကွယ်ပေးမယ့် ဥပဒေများ ကိုလည်း ပြဋ္ဌာန်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မဲဆန္ဒနယ်မြေများ အလိုက် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်သူများအနေနဲ့လည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင် မိမိတို့လွှတ်တော်နှင့်အတူ ပူးပေါင်းပါဝင်နိုင်ကြပါစေ။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါစေ။ မိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အားလုံး အန္တရာယ်ခပ်သိမ်းငြိမ်းကြပါစေ၊ ကျန်းမာရွှင်လန်းကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက် ပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်။