NRC နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၁၁ ကတ်အား ပြည်သူများထံ လွှဲပြောင်းပေးအပ်

မြစ်ကြီးနား    ၂  ဒီဇင်ဘာ

 

ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင် ၊ မြစ်ကြီးနားမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်း ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရရှိရေးအတွက် NRC နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက် ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား  ၁၃၁၁  ကတ်အား ပြည်သူများထံ လွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာ ၂၈ ရက် ၊ နံနက်ပိုင်းက  မြစ်ကြီးနားမြို့ ၊ ဒူကထောင်ရပ်ကွက်ရှိ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုလို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခွင့်ရရှိရေး NRC နှင့် ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက် ပေးမှုအပေါ် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပြည်သူများကလည်း ရရှိပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မပျောက်ပျက်အောင် စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန် ဆွေးနွေး ပြောကြားသည်။

 

ဆက်လက်၍ ကချင်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးအောင်ကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှုနှင့် ပက်သက်ပြီး သိသင့်သိထိုက်သည်များကို ပညာပေး ဆွေးနွေးပြောကြားသည်။

 

ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်း ၊ ပြည်နယ် ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဌေးအောင်ကျော်နှင့် တာဝန်ရှိသူများက မြစ်ကြီးနား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးမှူးရုံးနှင့် NRC အဖွဲ့တို့ ပူးပေါင်း ကွင်းဆင်း ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား( ၁၃၁၁ ) ကတ်အား ပြည်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ဒေသခံပြည်သူများကိုယ်စား တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘောက်နော် က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးအနေဖြင့် မြို့နယ် အတွင်းရှိ နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသည့် ပြည်သူများအား နိုင်ငံသား စိစစ်ရေး ကတ်ပြား ကိုင်ဆောင်ခွင့်ရရှိရေး အထောက်အထားများစိစစ်၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။ ယခု လွှဲပြောင်းပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမှာ NRC ( Norwegian Refugee Council ) နှင့် ပူးပေါင်းပြီး မြစ်ကြီးနားမြို့ပေါ်ရှိ တပ်ကုန်း ၊ တပ်ကုန်း(အင်ဂျန်ဒုံ) ၊ မန်ခိန် ၊ ရွှေစက် ၊ ဒူကထောင် ၊ ကျွန်းပင်သာ ၊ လယ်ကုန်း ၊ မြို့သစ်ကြီး ရပ်ကွက်နှင့် ကျေးရွာများဖြစ်သည့် မော်ဖေါင်း ၊ နန်းကွေ့ ၊ အာလမ် စသည့်နေရာများမှ  နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသည့်ပြည်သူများကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအား NRC ( Norwegian Refugee Council )၏ ပူးပေါင်းပံ့ပိုးကူညီဖြင့် ထပ်မံ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရာထံမှ သိရသည်။  

 

ရဲဝင်းနိုင်