တက္ကသိုလ်မြတ်သူ

 

စာကဗျာများကို ရေးကြ၊ ဖွဲ့ကြရာ၌ အရေးအသားပုံစံအရ စာပေဂုဏ်ဆယ်ပါး၊ စာပါအကြောင်းအရာ၊ အရေးအဖွဲ့ကပေးသော ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ်၊ စက်ဆုပ်၊ ကြောက်ရွံ့၊ ရဲဝံ့၊ အံ့ဩ နောအရသာဟု စာဆိုနှင့်အညီ ဖတ်ရှုသူ၊ ကြားနာသူတို့ရင်၌ ခံစားမှုအရသာ (ရသ) ကိုးမျိုးပေးနိုင်ခဲ့ကြသည်။

 

ပဒဒေါသရှစ်မျိုး

 

စာကဗျာများရေးဖွဲ့ကြရာ၌ ပဒဒေါသရှစ်မျိုး၊ ဝိရုဒ္ဓတ္တန္တရဒေါသ၊ အဓျတ္တဒေါသ၊ ကိလိဋ္ဌဒေါသ၊ ဝိရောဓိဒေါသ၊ နေယျဒေါသ၊ ပေက္ခ ဒေါသ၊ ဟိနန္ထဒေါသများ (မရေးသင့်မရေးထိုက်သော အရေးအသားများ)ကို ပဒဒေါသရှစ်မျိုးဟုဆိုပေသည်။ ဝါကျဒေါသကိုးမျိုးမှာ ဧကတ္တဒေါသ၊ ဘဂ္ဂရီတိဒေါသ၊ ဗျာကိဏ္ဏဒေါသ၊ ဂမ္မဒေါသ၊ ယတိ ဟီနဒေါသ၊ ကမစ္စုတဒေါသ၊ အတိဝုဒ္ဓဒေါသ၊ အပေတတ္တဒေါသ၊ သဗန္ဓဖရုသဒေါသတို့ လွတ်အောင်ရေးဖွဲ့ကြသည်။

 

ဝါကျတ္တဒေါသ ခြောက်မျိုးကား အပက္ကမဒေါသ၊ ဩစိတျဟီန ဒေါသ၊ ဘဂ္ဂရီတိဒေါသ၊ သံသယဒေါသ၊ ဂမ္မဒေါသ၊ ဒုဋ္ဌာလင်္ကာတိ ဒေါသတို့ဖြစ်ကြပေသည်။ စာရေးရာ၌ ရေးဖွဲ့သောအကြောင်းအရာ၊ ရေးစပ်ပုံအရေးအသားတွင်လည်း အပြစ်ဒေါသကင်းအောင် ရေးကြ ရသည်။ ပုဒ်၊ ပဒ(စာပိုဒ်) များအလိုက်လည်း အပြစ်ဒေါသကင်းကြရပေသည်။ ဂုဏ်၊ ရသ၊ အလင်္ကာမြောက်အောင် ရေးဖွဲ့စေကာမူ အရေး အသား အပြစ်ဒေါသမကင်းလျှင် ထိုစာသည် အပယ်ခံဖြစ်သွားပေမည်။ အဓိကအားဖြင့် ရုန့်ရင်းကြမ်းတမ်းရိုင်းပျသောအရေးအသားကို သတိပြုဆင်ခြင်ရှောင်ရှားကြရပေသည်။

 

အပြစ်ကင်းအောင်ရေးပြီး သဒ္ဒါလင်္ကာရခေါ် အသံတန်ဆာ လင်္ကာဂုဏ်မြောက်အောင် ရေးသားဖွဲ့ဆိုကြရပေသည်။ သဒ္ဒါလင်္ကာရ အလင်္ကာဂုဏ် ၁၀ ပါးရှိသည်။ ယင်းတို့မှာ-

(၁) ကြည်ညိုဖွယ်ရှိခြင်း-ပသာဒဂုဏ်၊

(၂) အကျဉ်းချုံးခြင်း၊ ချဲ့ခြင်း -ဩဇဂုဏ်၊

(၃) ချိုသာခြင်း- မဓုရတာဂုဏ်၊

(၄) အညီအမျှထားခြင်း-သမ္မတာဂုဏ်၊

(၅) သိထိလအက္ခရာများခြင်း- သုခုမာလတာဂုဏ်၊

(၆) ပြေပြစ်သောပုဒ်ရှိခြင်း-သိလေသဂုဏ်၊

(၇) လွန်ကဲသောဂုဏ်ရှိခြင်း-ဥဒါရတာဂုဏ်၊

(၈) နှစ်သက်ဖွယ်ရှိခြင်း-ကန္တိဂုဏ်၊

(၉) ထင်ရှားသောအနက်ရှိခြင်း- အတ္ထဗျတ္တိဂုဏ်၊

(၁၀) တင်စား၍သုံးစွဲခြင်း-သမာဓိဂုဏ်တို့ဖြစ်ကြသည်။

 

တင်ပြခဲ့သောစာပေအရေးအသားများ၊ အပြစ်ဒေါသကင်းပြီး ဂုဏ်မြောက်အောင် ရေးဖွဲ့သောစာများသည် ဖတ်ရသူ၊ ကြားနာရသူတို့၏ရင်တွင် ခံစားမှုအရသာကိုးမျိုး (ရသကိုးပါး) ရရှိသွားစေလျှင် အကြင်စာသည် ဂုဏ်မြောက်၊ ရသမြောက်သောစာ ဖြစ်သွားပေမည်။ ရသကိုးပါးကို အထက်တွင်တင်ပြခဲ့သည့် ချစ်၊ ရွှင်၊ သနား၊ တည်ကြား၊ ကြမ်းကြုတ် အစချီ အတိုမှတ်လင်္ကာကို အနက်အဓိပ္ပာယ်ပို၍ ရှင်းသွားစေရန် ဖော်ပြလိုက်ပါရစေ။ စာပေအရသာ (ရသ) ကိုးပါးကား ဤသို့ဖြစ်ပါသည်-

 

(၁) ရတိဟူသော သိင်္ဂါရရသ (မိန်းမ၊ ယောက်ျားတို့၏ ချစ်ကြိုက် ခြင်း) ကို ရင်ဖိုဆွတ်နူးအောင်ဖွဲ့သည်။

(၂) ဟာသရသ (ပြုံးရယ်ခြင်းကိုဖြစ်စေသောအဖွဲ့)၊

(၃) ကရုဏာရသ (စိုးရိမ်ကြောင့်ကြ၊ သနားကြင်နာစေသောအဖွဲ့)၊

(၄) ကောဓ ခေါ် ရုဒ္ဓရသ (ကြမ်းကြုတ်ခက်ထန်မှုကြောင့် ဖြစ်စေ သော ခံစားမှုအရသာအဖွဲ့)၊

(၅) ဥဿဟ ခေါ် ဝီရရသ (ရဲဝံ့၍ လုံ့လရှိသောသတ္တိကြောင့် ရရှိသည့် ခံစားမှုအဖွဲ့)၊

(၆) ဘယာနကရသ (ကြောက်လန့်ခြင်းကို ဖြစ်စေသောအဖွဲ့)၊

(၇) ဝိဝုစ္ဆာ ခေါ် ဝိဘစ္ဆရသ (စက်ဆုပ်ရွံရှာခြင်းကို ဖြစ်စေသောအဖွဲ့)၊

(၈) ဝိမှယ ခေါ် အဗ္ဘုတရသ (အံ့ဩတကြီးဖြစ်စေသောအဖွဲ့အနွဲ့၏ ရသ)

(၉) သမ ခေါ် သန္တရသ (ငြိမ်သက်တည်ကြည်မှုကို ခံစားနိုင်သော အဖွဲ့)။

 

အလင်္ကာကျမ်းများ၌ မူဝလစ္ဆရသခေါ် မောင်နှင့်နှမ၊ သားနှင့်အမိ၊ ဆရာနှင့်တပည့်တို့၏ ၅၂၈ သွယ်သော မေတ္တာဓာတ်များ ခံစား စေနိုင်သောအဖွဲ့။ (ဘုရား-ရဟန္တာ-သံဃာတော်များကို ကြည်ညိုသောခံစားမှုလည်း အကျုံးဝင်ပေသည်။)

 

ရေးဖွဲ့ရာ၌ သဒ္ဒါလင်္ကာရကို ဂုဏ် ၁၀ ပါးဖြင့် တင်ပြခဲ့ပြီးဖြစ်ပါသည်။ အနက်တန်ဆာဖြစ်သော အတ္တာလင်္ကာရ တင်ပြပါမည်။ စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ်ရေးရာဖွဲ့ရာ၌ သဒ္ဒါလင်္ကာရ (ဂုဏ် ၁၀ ပါး) နှင့်ရော အတ္တာလင်္ကာရ ဂုဏ်များပါပြည့်စုံလျှင် ထိုစာဆိုကဗျာ၏ ဂုဏ်သည် မြင့်တက်သွားပေတော့မည်။ အလင်္ကာဟူသည် စာကို တန်ဆာဆင်ခြင်း (အလှဖြင့်ဆင်ယင်ခြင်း)ပင် ဖြစ်သည်။

 

သုဗောဓာလင်္ကာရဋီကာဆရာနှင့် သက္ကတအလင်္ကာဆရာတို့၏ အလိုအားဖြင့် သဘာဝဝုတ္တိအလင်္ကာကို (၁) ဇာတိသဘာဝဝုတ္တိ အလင်္ကာ၊ (၂) ဂုဏသဘာဝဝုတ္တိအလင်္ကာ၊ (၃) ကြိယာသဘာဝ ဝုတ္တိအလင်္ကာ၊ (၄) ဒဗ္ဗသဘာဝဝုတ္တိအလင်္ကာဟူ၍ လေးမျိုးခွဲထား၏။ (၅) မန်လည်ဆရာတော်ကြီး၏ နာမသဘာဝအလင်္ကာကိုပါ ဖြည့်စွက်လျှင် သဘာဝဝုတ္တိအလင်္ကာငါးမျိုးဟူ၍ သတ်မှတ်နိုင်ပေသည်။

 

သဘာဝဝုတ္တိအလင်္ကာငါးမျိုး

 

အတ္ထာလင်္ကာရသည်လည်း (၁) မသွယ်မဝိုက် တိုက်ရိုက်ပြောဆိုတင်ပြသော သဘာဝဝုတ္တိအလင်္ကာ၊ (၂) တိုက်ရိုက် မဟုတ်ဘဲ သွယ်ဝိုက်၍ ပြောဆိုရေးသားသော ဝင်္ကဝုတ္တိ အလင်္ကာတို့ပါဝင်သည်။ သဘာဝဝုတ္တိ အလင်္ကာငါးမျိုးကို တင်ပြပြီးဖြစ်၍ ဝင်္ကဝုတ္တိအလင်္ကာကိုဆက်လက် တင်ပြပါမည်။ ရှေးအလင်္ကာကျမ်းများ၌ ဝင်္ကဝုတ္တိအလင်္ကာနည်း အများအပြား ရှိသော်လည်း ဂန္ထဝင်ရှေးမြန်မာစာပေမှ တစ်ခေတ်တစ်ခါ ကဗျာအထိ တွေ့နိုင်သော ဝင်္ကဝုတ္တိအလင်္ကာ ၃၅ မျိုးခန့်သာရှိသည်ဟု ပညာရှိတို့က ဆိုထားပေသည်။ ဝင်္ကဝုတ္တိအလင်္ကာ ၃၅ မျိုးကို တင်ပြပါမည်။

 

(၁) အနက်လွန်ကဲခြင်း (အတ္တာတိသယအလင်္ကာ)၊

(၂) ဥပမာကပ်၍တင်ပြခြင်း (ဥပမာအလင်္ကာ)၊

(၃) အတူပြုခြင်း(ရူပကအလင်္ကာ)၊

(၄) အထပ်ထပ်ဆိုခြင်း(အာဝုတ္တိအလင်္ကာ)၊

(၅) ထွန်းပခြင်း (ဒိပ္ပကအလင်္ကာ)၊

(၆) ပစ်ပယ်ခြင်း (အက္ခေပအလင်္ကာ)၊

(၇) အနက်တစ်မျိုးဖြင့်ပြခြင်း (အတ္ထန္တရနျာသအလင်္ကာ)၊

(၈) အသီးအခြားပြဆိုခြင်း (ဗျတိရေကအလင်္ကာ)

(၉) အကြောင်းထူးပြဆိုခြင်း(ဝိဘာဝနာအလင်္ကာ)၊

(၁၀) ဖြစ်ကြောင်းအားဖြင့်ပြခြင်း (ဟေတုအလင်္ကာ)၊

(၁၁ အစဉ်လိုက်ပြခြင်း (ကမအလင်္ကာ)၊

(၁၂) အလွန်နှစ်သက်သည်ကို ပြဆိုခြင်း (ဝိယတရအလင်္ကာ)၊

(၁၃) ချဉ်း၍ပြဆိုခြင်း (သမာသအလင်္ကာ)၊

(၁၄) ကြံဆခြင်း (ပရိကပ္ပနာအလင်္ကာ)၊

(၁၅) အကြောင်းတစ်ပါးကိုရခြင်း(သမာဟိအလင်္ကာ)၊

(၁၆) စကားရိပ်ပေးခြင်း (ပရိယာယဝုတ္တိအလင်္ကာ)၊

(၁၇) ကဲ့ရဲ့ယောင်ဖြင့်၊ ချီးမွမ်းခြင်း(ဗျာဇောပဝဏ္ဏအလင်္ကာ)၊

(၁၈) ချို့ငဲ့သောအရာထူးကိုပြခြင်း(ဝိသေသအလင်္ကာ)၊

(၁၉ ကြုံးဝါးခြင်း (ရုဠာဟံကာရအလင်္ကာ)၊

(၂၀) အနက်နှစ်မျိုးရအောင်ပြခြင်း၊(သိလေသအလင်္ကာ)

(၂၁) တူမတူယှဉ်ပြခြင်း (တုလျယောပိကာအလင်္ကာ)၊

(၂၂ အကျိုးထူးကိုပြခြင်း (နိဒဿနအလင်္ကာ)၊

(၂၃ ကြီးမြတ်သောအဖြစ်ကိုပြခြင်း (မဟန္တတ္တအလင်္ကာ)၊

(၂၄) လှည့်ပတ်ပြောဆိုခြင်း (ဝဉ္စနာအလင်္ကာ)၊

(၂၅)  မချီးမွမ်းလောက်သည်ကိုချီးမွမ်းခြင်း (အပ္ပကထုတိအလင်္ကာ)၊

(၂၆) အဆင့်ဆင့်ဝိသေသနဖြစ်ခြင်း(ဧကာဝဠိအလင်္ကာ)၊

(၂၇) အချင်းချင်းကျေးဇူးပြုခြင်း (အညမညအလင်္ကာ)၊

(၂၈) တကွဖြစ်ခြင်း(သဟဝုတ္တိအလင်္ကာ)၊

(၂၉) ဆန့်ကျင်သည်ကိုပြခြင်း(ဝိရောဓိတာအလင်္ကာ)၊

(၃၀) လဲလှယ်ခြင်း(ပရိဝုတ္တိအလင်္ကာ)၊

(၃၁) အထင်မှားခြင်း(ဘမအလင်္ကာ)၊

(၃၂) သဘောကိုပြခြင်း(ဘာဝအလင်္ကာ)၊

(၃၃) ရောနှောခြင်း(မိဿအလင်္ကာ)၊

(၃၄) တောင့်တခြင်း(အာသီသအလင်္ကာ)၊

(၃၅) ရသရှိခြင်း(ရသီအလင်္ကာ)တို့ဖြစ်ကြသည်။

 

အလင်္ကာတစ်ခုစီတွင် အလင်္ကာခွဲများစွာရှိပေသည်။ ဥပမာ အလင်္ကာ၊ ရူပကအလင်္ကာတို့မြောက်သောစာများက ပို၍ များပေသည်။ ဥပမာအလင်္ကာတွင် (က) သဒ္ဒါအားဖြင့်သိသော သဒ္ဒဂမ္မဥပမာ၊ (ခ) အနက်အားဖြင့်သိအပ်သော အတ္တဂမ္မဥပမာ၊ (ဂ) အဖွဲ့ဝါကျတစ်ခုလုံး၏ အစွမ်းအားဖြင့် သိအပ်သော ဝါကျတ္ထဂမ္မဥပမာဟူ၍ သုံးမျိုးခွဲ၏။ ယင်းသုံးမျိုးကို သဒ္ဒါအရသုံးမျိုး၊ သဒ္ဒဂမ္မဥပမာသုံးမျိုးခွဲပြန်၏။ သဒ္ဒဂမ္မဥပမာကိုလည်း သုံးမျိုးခွဲပြန်၏။ သဒ္ဒဂမ္မ ဥပမာများတွင်လည်း ဥပမာခွဲများရှိပြန်၏။ ရူပကအလင်္ကာ၊ ဒီပကအလင်္ကာတို့တွင်လည်း အလင်္ကာခွဲများရှိပြန်၏။ အလင်္ကာကျမ်းများတွင်ပါရှိသော အလင်္ကာ များအကြောင်း အသိသုတအဖြစ်သိကြရုံ တင်ပြပါသည်။ မိမိတို့၏ စာများ ရေးဖွဲ့ရာ၌ ဂုဏ်၊ ရသ၊ အလင်္ကာမြောက်သောစာများ ထင်ပေါ် သည့်ကျမ်းဂန္ထဝင်ဖြစ်လာမည်ကို သတိပြုမိစေလို၍ တင်ပြခြင်းဖြစ်ပါသည်။

 

ဝင်္ကဝုတ္တိအလင်္ကာများမှ ဥပမာအလင်္ကာ၊ ရူပကအလင်္ကာမြောက် သော စာအချို့ကို တင်ပြပါလျှင်-

 

“ကြာပန်းငုံတွင်၊

ပိတုန်းဝင်၍၊

အေးယဉ်ပမာ၊

လှုပ်သည့်ကြာလော။

ရွေ့ကာလျှပ်လျှပ်၊

ညိုရောင်ဟပ်သည့်၊

နှစ်ရပ်ဒွေး‌ဘော်၊

မျက်လုံးတော်ရှိ၊

မြတ်မုနိ၏၊

အိအိဝင်းဝါ၊

ရွှေမျက်နှာလော။”

 

ဗုဒ္ဓဘုရားရှင်၏ မျက်လုံးတော်မှ သူငယ်အိမ်အနက်ရောင်သည် လှုပ်ခတ်လျက်ရှိသည်မှာ ကြာပန်းငုံ (ဖြူဖြူ)တွင် ပိတုန်းမည်းမည်း ဝင်ပြီး လှုပ်ရှားနေသည်နှင့်တူပုံ ဖွဲ့သောအဖွဲ့ဖြစ်၍ ဥပမာအလင်္ကာ မြောက်ပေသည်။

 

“ဗုဒ္ဓမျက်လုံး၊

ဗျာကရုဏ်းကို၊

ပိတုန်းဝင်နှယ်” စသည့် ကဗျာသည်လျှင် ကြာဖြူပန်းပွင့်နေချိန် ဝတ်ရည်စုပ်ရန် ပိတုန်းဝင်ပြီး ကြာပန်းပြန်ငုံသောအခါ ပိတုန်းသည် ကြာဖြူပွင့်ဖတ်နှင့်တူသော ဗုဒ္ဓ၏မျက်ဝန်းအလယ်မှ သူငယ်အိမ် မည်းမည်းနက်နက်လေး ထိုးထွက် နေသည်နှင့် တူကြောင်း ဖွဲ့၍ ဥပမာအင်္လာကာမြောက်လေသည်။

 

“နီမြန်းသော နှုတ်ခမ်းတော်တည်းဟူသော ရွက်ညွန့်၊ ပြုံးရယ် တော်မူခြင်းတည်းဟူသော ပန်းပွင့်တို့ဖြင့် လှပ တင့်တယ်တော်မူခြင်း တည်းဟူသောမျက်နှာတော်” (ရူပကအလင်္ကာ)။

 

ရှေးစာဆိုများ၊ ခေတ်စာဆိုများ၏ စာများတွင်လည်း ဥပမာအခိုင်းအနှိုင်းများဖြင့် ဥပမာအလင်္ကာမြောက်သော စာကဗျာများ တွေ့နိုင်ကြပေသည်။

 

ဝေဿန္တရာမင်းကြီးက တစ်နေ့သ၌ မှူးမတ်များကို မိဖုရားကြီး မဒ္ဒီဒေဝီ မည်မျှချောသည်၊ လှသည်ကို တင်စားမြွက်ကြားခဲ့သည်။

 

“တစ်ခါက ရေကန်တော်တွင်း၌ ကြာမျိုးငါးပါးတို့ပွင့်ကြကုန်၏။ ပဒုမ္မာ၊ ကြာနီ၊ ကြာညို၊ ကြာပုဏ္ဏာရိပ်တို့သည် နေ့ခင်းဘက်နေရောင်တွင် ပွင့်ကြကုန်၏။ မွန်းတည့်ချိန်တွင် မဒ္ဒီဒေဝီသည် ထိုရေကန်တော်ဘေးမှ ဖြတ်၍ လျှောက်သွား၏။ ကြာပန်းများတွင် ကုမုဒြာကြာ (ဖြူ) များသည် ညဘက် လရောင်ပက်ဆမ်းမှပွင့်သော ကြာပန်းဖြစ်သည်။ မဒ္ဒီဒေဝီရေကန်တော်ဘေးမှ ဖြတ်လျှောက်သည်ကို ကုမုဒြာကြာငုံများက လမင်းသော်တာကြီး ပေါ်ထွက်လာသည်ဟု ထင်မှတ်မှားကာ မွန်းတည့်နေရောင်မှာပင် မပွင့်စဖူးပွင့်ကြကုန်၏” ဝင်္ကဝုတ္တိကွေ့ဝိုက် တင်စားကာ ဝေဿန္တရာမင်းကြီးက မိဖုရားကြီးမဒ္ဒီ၏အလှကို တင်စား လိုက်ခြင်းဖြစ်သည်။

 

နှစ်ပေါင်းတစ်ထောင်ကျော်၊ နှစ်ထောင်ခန့်ကပင် စာနှင့် ကဗျာနှင့် ဝေဝေဆာဆာပေါ်ထွန်းခဲ့ပြီ

 

မြန်မာစာပေသည် နှစ်ပရိစ္ဆေဒအားဖြင့် နှစ်ပေါင်းတစ်ထောင်ကျော်၊ နှစ်ထောင်ခန့်ကပင် စာနှင့်ကဗျာနှင့် ဝေဝေဆာဆာ ပေါ်ထွန်းခဲ့ပြီ ဖြစ်သည်။ ကဗျာစပ်နည်းအမျိုးပေါင်းများစွာကို ကဗျာဖွဲ့နည်း စည်းမျဉ်းဥပဒေ (ကဗျုပဒေသ) လည်း အခိုင်အမာရှိပေသည်။ ပြန်လည်တူးဆွရှာဖွေ၍ မကုန်နိုင်သေးသော မြန်မာ့ဂန္ထဝင်စာပေများလည်း ရှိနေဆဲဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။