နတ်မောက်၊ ၁၄  ဇွန်

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် ယမန်နေ့နံနက် (၉)နာရီခန့်က နတ်မောက်မြို့‌ဈေးရပ်ကွက်သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသား စိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ် အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။     

အဆိုပါရပ်ကွက်ရှိ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ကျား (၉) ဦး၊ မ (၁၄) ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ကျား(၄)‌ဦး၊ မ(၅)ဦးစုစုပေါင်း (၃၂)ဦးတို့အား အထောက်အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့  ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

 

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ခုနှစ် မေလ(၃)ရက်နေ့မှ စတင်ကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်ထိ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးသွားဖြစ်ကြောင်း နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးဦးဝင်းသိန်းထံမှ သိရသည်။

 

သင်းသင်းမြတ်(နတ်မောက်ပြန်/ဆက်)