နတ်မောက် ဖေဖော်ဝါရီ ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၀-၂၀၂၁ (ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုပွဲနှင့် အောက်ဆီဂျင်အလှူငွေ ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခွဲက စိတ်ဓာတ်ဖြူစင် ကရုဏာရှင်များ လူမှုကူညီရေးအသင်းကြီးရုံးတွင် ကျင်းပခဲ့သည်။
အခမ်အနားတွင် နတ်မောက်မြို့ စိတ်ဓာတ်ဖြူစင် ကရုဏာရှင်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးဉာဏ်ရှိန်က အာယုဒီယ အောက်ဆီဂျင်စက်ရုံလုပ်ငန်း ဆောင်ရွက်နေသည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ဌာနဆိုင်ရာများမှ အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းသည့်အလှူငွေ ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်အား ပေးအပ်ခဲ့သည်။ ဆက်လက်၍ မြို့နယ်ပုဂ္ဂလိကလုပ်ငန်းသုံး မော်တော်ယာဉ်များ ကြီးကြပ်ရေးကော်မတီမှ အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းသည့် အလှူငွေအား စိတ်ဓာတ်ဖြူစင် ကရုဏာရှင်များ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌထံသို့လည်းကောင်း၊ မြို့ပေါ်(၇)ရပ်ကွက်မှ အောက်ဆီဂျင်စက်ရုံအတွက် လှူဒါန်းသည့် အလှူငွေဂုဏ်ပြုမှတ်တမ်းများအား မြို့ပေါ်(၇)ရပ်ကွက်ကိုယ်စား အောင်ဆန်းရပ်ကွက်အုပ်ချုပ်ရေးမှူးအား လည်းကောင်း ပေးအပ်ခဲ့ကြပြီး စိတ်ဓာတ်ဖြူစင်ကရုဏာရှင်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌမှ (၂၀၂၀/၂၀၂၁) ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လှဝင်း