နတ်မောက် ဒီဇင်ဘာ ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပထမအကြိမ်ထိုးနှံရမည့် ပြည်သူများနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် စိုင်ကောင်း ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအတွက် ပထမအကြိမ်ကာကွယ် ဆေးထိုးနှံရန် ဆေးပုလင်းအလုံးရေ (၁၃၅၀) လုံးရရှိခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်မှ ၂၃ ရက်နေ့အထိ ဆေးထိုးနှံ ပေးခဲ့ပြီး ဆေးထိုးနှံပြီးသူ (၁၈၄၂)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးပြန်လည်ထိုးနှံရန် ဆေးပုလင်း အလုံးရေ (၃၂၀၀)လုံးရရှိပြီး ဒီဇင်ဘာ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ ဆေးထိုးနှံပြီးသူ (၁၄၉၀) ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
နတ်မောက်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသည့် ပြည်သူများအား ဆေးထိုးစုရပ်အသီးသီးတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စဉ်ဆက်မပြတ် ဆေးထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း(ပြန်/ဆက်)