နတ်မောက် အောက်တိုဘာ ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ်များ ရရှိစေရန်အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ဒေသခံပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီခန့်က ကန်ကြီးရပ်ကွက်သို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် နတ်မောက်မြို့ ကန်ကြီးရပ်ကွက်ရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ရာ ၃(က) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ အမျိုးသား (၂၈)ဦး၊ အမျိုးသမီး (၁၉)ဦး၊ ၆(က) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်သူ အမျိုးသား (၃) ဦး ၊ အမျိုးသမီး (၇) ဦး စုစုပေါင်း (၅၇)ဦး ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသ၌ အမြဲနေထိုင်ပြီး အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ လက်ရှိဒေသသို့ တခြားဒေသမှ ပြောင်းရွှေ့နေထိုင်သူများတွင် မူလဒေသ၌ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအနက် မူလဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ နိုင်ငံသားစိစစ်ရေးကတ်များလည်း မရှိသေးသူများအား ဥပဒေနှင့်အညီ ဖြေလျှော့မှုများဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ကျန်ရှိနေသည့် ရပ်ကွက်၊ ကျေးရွာများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံမှ သိရသည်။
သင်းသင်းမြတ် မြို့နယ်(ပြန်/ဆက်)