နတ်မောက်၊ ၂၈ ဒီဇင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ ကန်သာကျေးရွာအုပ်စု၊ ကန်သာကျေးရွာ သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် လေးလက်မ အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် စင်မြင့်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကန်သာကျေးရွာတွင် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် လေးလက်မအနက် ၄၁၃ ပေရှိ အဝီစိစက်ရေတွင်း တစ်တွင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင် တစ်ခု၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မူလခွင့်ပြုရန်ပုံငွေကျပ် ၂၈ ဒသမ ၁ သန်းဖြင့် ယခုနှစ် နိုဝင်ဘာလအတွင်း စတင်ကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာများ စုဖွဲ့၍ ဆောင်ရွက်နေခြင်းဖြစ်သည်။

 

ယခုအချိန်တွင် စက်ရေတွင်း တူးဖော်ပြီးစီးနေပြီဖြစ်ပြီး တစ်နာရီလျှင် ရေဂါလန် ၂၂၀၀ အထိထွက်ရှိကာ စင်မြင့်ရေစင်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက ပြောပြသည်။

 

အဆိုပါကျေးရွာတွင် အဝီစိစက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက အိမ်ခြေ ၁၆၂ မှ လူဦးရေ ၁၀၈၂ ဦးတို့အပြင် ကျွဲ၊ နွား တိရစ္ဆာန်များအတွက်ပါ ရာသီမရွေး သောက်သုံးရေ ဖူလုံစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက ဆက်လက်ပြောပြ၍ သိရသည်။

 

သော်ဇင်အောင်(နတ်မောက်)