နတ်မောက်၊ ၂၇ ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) (RCC) သုံးထပ် အဆောက်အအုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၇ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။        

 

 အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမြင့်အောင်၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေနှင့် တာဝန်ရှိသူတို့က အဆောက်အအုံဆောက်လုပ်မည့် နေရာတွင် ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

 

ကျွန်မတို့အနေနဲ့ ယခင် လူထုအခြေပြုဗဟိုဌာန (Community Centre) (၄၄×၂၄) အဆောက်အအုံဖြင့်  ကျောင်းသား/ကျောင်းသူ လူငယ်လေးများအတွက် ပြပွဲ၊ ပြိုင်ပွဲများကျင်းပခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်း၊ (Book Club) အဖွဲ့အစည်းများဖြင့်  စာပေနှီးနှောဖလှယ်ပွဲများ ကျင်းပခြင်း၊ (Woman Club)  အဖွဲ့အနေဖြင့် အမျိုးသမီး အခွင့်အရေးများ ကာကွယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (Youth Club) အဖွဲ့အစည်းများဖြင့် ဝါသနာသူလူငယ်များစုစည်း၍ အသိပညာဗဟုသုများ တိုးတက်ရေးလုပ်ငန်းများနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများ  အောင်မြင်အောင် ဆောင်ရွက်နိုင်ပါတယ်၊ ယခုလို လူထုအခြေပြုဗဟိုဌာန (Community Centre) (RCC) သုံးထပ်အဆောက်အအုံကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်တာဖြစ်ပြီး တည်ဆောက်ပြီးစီးပါက ပြပွဲ ပြိုင်ပွဲများကျင်းပခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် ပြည်သူအကျိုးပြုအသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ် ဟု မြို့နယ်ဦးစီးမှူး  ဒေါ်ဥမ္မာခင်မှ ပြောကြားသည်။

 

လှဝင်း (နတ်မောက်)