နတ်မောက် ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န-လက္ခုပ္ပင်ကျေးရွာတွင် ဘုရားပန်းများဖြစ်သည့် နှင်းပန်း မေမြို့ပန်း၊ ပန်းတိမ်မနိုင်များ စိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့က ဂန္ဓာမာပန်းစိုက်ပျိုးရန်အတွက် ပြင်ဦးလွင်မြို့ကနေ ပျိုးပင်များကို ဝယ်ယူစိုက်ပျိုးရတာဖြစ်ပြီး တစ်ပင်လျှင် ၁၅ ကျပ်၊ ၁၇ ကျပ် အစားစားပေးဝယ်ရပါတယ်၊ တစ်ပင်နှင့်တစ်ပင် ၃ လက်မကွာခြား၍ စိုက်ပျိုးရပါတယ်၊ ပန်းပင်များသန်မာပြီး အပွင့်ကြီးထွားမှု ကောင်းစေရန်အတွက် သဘာဝမြေဇာဖြစ်သည့် နွားချေးများကို မြေခံအဖြစ်အသုံးပြု၍ အတန်းလိုက် စိုက်ပျိုးရပါတယ်၊ ပျိုးပင်များစိုက်ပျိုးပြီးရင် ရေကိုတော့ အခုလိုရာသီမှာဆိုရင် နှစ်ရက်ခြားတစ်ခါ လောင်းပေးရပါတယ်၊ ရွာမှာက လျှပ်စစ်မီးရတယ်လေ၊ ရေမော်တာဝယ်ပြီးတော့ ပန်းခင်းထဲကို မြောင်းပေးစနစ်နဲ့ ရေသွင်းလောင်းရပါတယ်၊ ဂန္ဓာမာပန်းစိုက်ပျိုးထားတာကတော့ ပျိုးပင် (၁၀၀၀၀)ကျော် စိုက်ပျိုးထားပါတယ်၊ ပန်းရောင်းတာကတော့ (၄)ကိုင်းစီးတစ်စီးကို (၁၀၀၀)ကျပ် ရောင်းရပါတယ်၊ ဂန္ဓာမာပန်းကြိုက်သူများကတော့ ပန်းခင်းထဲ အထိလာရောက်ဝယ်ယူလျက် ရှိပါတယ်၊ နတ်မောက်မြို့ ယာယီဈေးမှာလည်း လက်လီ၊ လက်ကား သွားရောက်ရောင်းပါတယ်၊ ပန်းများလှိုင်လှိုင်ပွင့်သည့် ရက်များဆိုလျှင် တစ်နေ့ရောင်းရငွေ (၃၀၀၀၀)ကျပ်ကနေ (၅၀၀၀၀) ကျပ်ထိ ရသည့်အတွက် မိသားစုစားဝတ်နေရေးလေးတော့ အဆင်ပြေပါတယ်” ဟု န-လက္ခုပ္ပင် ကျေးရွာနေ ဂန္ဓာမာပန်းစိုက်ပျိုးရောင်းချသူ ဦးအုန်းလွင်က ပြောသည်။
သင်းသင်းမြတ်(နတ်မောက်)


