နတ်မောက် ၂၃ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စိုက်ပျိုးရေး လုပ်ကိုင်နေကြသော တောင်သူများ အနေဖြင့် သိပ္ပံနည်းကျ နဂါးမောက်ပင်များ စမ်းသပ်စိုက်ပျိုးကြရာတွင် အပင်များ အောင်မြင် ဖြစ်ထွန်းပြီး နဂါး မောက်သီးများ စတင်ဆွတ်ခူး ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။
နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံဖြစ်သည်ဟု ယုံကြည်ကြပြီး ဒေသခံများ နှစ်သက်သည့် သီးနှံဖြစ်ကာ ဝယ်ယူစာသုံးမှုရှိသည်နှင့်စပ်လျဉ်း၍ “နဂါးမောက်ပင်ကို ၄ ပေခြား ကျင်းတူးပြီး စိုက်ပျိုးပါတယ်၊ မြေသြဇာအနေနဲ့တော့ သဘာဝမြေသြဇာကိုသာသုံးပါတယ်၊ တစ်နှစ်အကြာမှာ နဂါးမောက်သီးများကို စတင်ဆွတ်ခူးနိုင်ပါတယ်၊ နဂါးမောက်အပင် တစ်ဆယ့်သုံးပင်(၁၃)ပင် စိုက်ပျိုးရာတွင် အသီးပြန်လည်ခူးဆွတ်ရောင်းချချိန်မှာ တစ်ပင်ကို အလုံး ၅၀ မှ ၇၀ အထိထွက်ရှိပြီး ငွေကျပ်နှစ်သိန်းခန့်ရရှိပါတယ်၊ ဒါကြောင့် တစ်ခြားစိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ တောင်သူများအနေနဲ့လည်း မိရိုးဖလာမှ ခွဲထွက်၍ မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်မယ့် အများသုံးဈေးကွက်ရှိတဲ့ နဂါးမောက်စိုက်ပျိုးခြင်းကို လုပ်ကိုင်သင့်ပါကြောင်း” တစ်နိုင်တစ်ပိုင် နဂါးမောက်စိုက်ပျိုးသူ ဦးဆယ်တင်စိုးက ပြောကြားသည်။
ဒေသထွက် နဂါးမောက်သီးများအနက် နဂါးမောက်အနီသီး၊ နဂါးမောက်အဖြူသီးဟူ၍ နှစ်မျိုးရှိကာ အလုံးအကြီးအသေးပေါ် မူတည်၍ ရောင်းချကြောင်းနှင့် အရွယ်တော် နဂါးမောက် သီးတစ်လုံးကို ၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချကြကြောင်း သိရသည်။
လှဝင်း (နတ်မောက်)


