နတ်မောက်၊ ၂၁ မေ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သမှုန်းပင်(အနောက်)ကျေးရွာသို့ ယမန်နေ့နံနက် (၁၀)နာရီခန့်က သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သောက်သုံးရေများလှူဒါန်းရာတွင် အလှူရှင်များဖြစ်သည့် ရခိုင်မှတ်ကြီး ကွမ်း၊ ကွမ်းသီး၊ ကွမ်းရွက် ရောင်းဝယ်ရေးမိသားစုနှင့် ဦးညီညီထွေး+ ဒေါ်ဥမ္မာလင်း “မိဘမေတ္တာဆေးဆိုင်မိသားစု” တို့၏ စုပေါင်း လှူဒါန်းမှုဖြင့် နတ်မောက်ကွန်ရက်ပရဟိတလူမှုကူညီရေးအသင်းမှ အလှူရှင်မိသားစုများကိုယ်စား စိတ်ဓာတ် ဖြူစင် ကရုဏာရှင်လူမှုကူညီရေးအသင်းရှိ ရေဂါလံ (၂၈၀၀)ဆံ့ ရေသည်ယာဉ်ဖြင့် သမှုန်းပင် (အနောက်)ကျေးရွာရှိ ပြည်သူများအားသောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့သည်။
“ယခုလို သောက်သုံးရေလှူဒါန်းရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ယခင်နှစ်တွေက တပို့တွဲ၊ တပေါင်းလရောက်မှ သောက်သုံးရေလှူဒါန်းရခြင်းဖြစ်ပြီး ယခုနှစ်မိုးရာသီမှာ မိုးရွာသွန်းမှု နည်းပါးမှုကြောင့် ပြာသိုလဆန်းကတည်းက သောက်သုံးရေ အခက်အခဲဖြစ်နေတဲ့ ကျေးရွာနေပြည်သူများအား သောက်သုံးရေရရှိစေရေး လှူဒါန်းပေးရခြင်းဖြစ်ပြီး အလှူရှင်များကိုယ်စား သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများသို့ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း” နတ်မောက်ကွန်ရက်ပရဟိတ လူမှုကူညီရေး အသင်းထံမှ သိရသည်။
ဥမ္မာခင် (နတ်မောက်)


