နတ်မောက်၊ ဧပြီ ၂၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၆၁ ဒသမ ၆၅ သန်း အသုံးပြုကာ သက်ရင်းတောကျေးရွာ၊ မကျီးချိုကျေးရွာနှင့် ညိုသုမြောင်ကျေးရွာများ၌ ကုန်ထုတ်လမ်းနှင့် ရေကျော်တံတားများ ဖောက်လုပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၆၁ ဒသမ ၆၅ သန်း အသုံးပြုကာ သက်ရင်းတောကျေးရွာ၌ အရှည် ၈၀ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၉ လက်မ အတိုင်းအတာရှိ ရေကျော်တစ်စင်း၊ မကျီးချိုကျေးရွာ၌ အရှည် ၃၉၆၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ၁ပေထုနှင့် မြေနီကျောက်စရစ် ၉ လက်မ ထုခင်းခြင်းနှင့် အရှည် ၆ ပေ၊ အကျယ် ၁၈ ပေ၊ အမြင့် ၆ ပေရှိ Slab Culvert တစ်စင်း၊ ညိုသုမြောင်ကျေးရွာ၌ အရှည် ၃၃၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ ၁ ပေထုနှင့် မြေနီကျောက်စရစ် ၉ လက်မထုခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ ပြောပြ၍ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာသုံးရွာရှိ စိုက်ပျိုးဧက ၄၀၀၀ ကျော်မှ ထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေးဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ ဆက်လက် ပြောပြ၍ သိရသည်။

သော်သော်