နတ်မောက်  ဧပြီ  ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်ပြည်ထောင်စုရန်ပုံငွေကျပ် ၆၁.၆၅ သန်း အသုံးပြုပြီး သက်ရင်းတောကျေးရွာ၊ မကျီးချိုကျေးရွာ၊ ညိုသုမြောင် ကျေးရွာများ၌ ကုန်ထုတ်လမ်းနှင့်ရေကျော်တံတားများဖောက်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျေးလက်ဒေသဖွံ့ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန် များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့်စျေးကွက်သို့ လွယ်ကူလျှင်မြန်စွာ ပို့ဆောင်နိုင်ရန်ရည်ရွယ်ပြီး သက်ရင်းတောကျေးရွာ၌ အရှည်ပေ ၈၀ ၊ အကျယ် ၁၈ ပေ၊ အမြင့် ၉ လက်မ အတိုင်းအတာရှိ ရေကျော်တစ်စင်း၊ မကျီးချိုကျေးရွာ၌ အရှည် ၃၉၆၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ ၁ ပေ ထုနှင့် မြေနီကျောက်စရစ် ၉ လက်မ ထုနှင့် ခင်းကျင်းခြင်းနှင့် အရှည် ၆ ပေ၊ အကျယ် ၁၆ ပေ၊ အမြင့် ၆ ပေ ရှိ Slab Culvert တစ်စင်း၊ ညိုသုမြောင်ကျေးရွာ၌ အရှည်ပေ ၃၃၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ ၁ ပေ ထုနှင့် မြေနီကျောက်စရစ် ၉ လက်မ ထု ခင်းကျင်းခြင်း လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းများ ပြီးစီးပါက ကျေးရွာ (၃) ရွာရှိ စိုက်ပျိုးဧက ၄၀၀၀ ကျော် မှ ထွက်ရှိလာသော လယ်ယာထွက်သီးနှံများ ရာသီမရွေးဈေးကွက်သို လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း နတ်မောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရထံမှ သိရသည်။ 

သင်းသင်းမြတ်(နတ်မောက်)