နတ်မောက်၊ ၁၃ မေ                                         

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ဒေသခံပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက် မေ ၁၂ ရက် နံနက် ၉ နာရီခန့်က နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာရှိ(ပပန)တပ်နှင့် ဂွေးကုန်းကျေးရွာရှိ(ဆ.သ.လ)(၂) တပ်တို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရာတွင် ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှုနှင့် ပျောက်ဆုံး/ပျက်စီးမှု မရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

 

ရွာမွန်ကျေးရွာ(ပပန)တပ်ရှိ  အသက် (၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် အမျိုးသား (၅)ဦး၊ အမျိုးသမီး (၃)ဦး၊ အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်လဲလှယ် အမျိုးသား (၇)‌ဦး၊ အမျိုးသမီး (၁၇)ဦး၊ ပျောက်ဆုံး၊ ပျက်စီး ထုတ်ပေး အမျိုးသား (၁၂)ဦး၊ အမျိုးသမီး (၁၂)ဦး စုစုပေါင်း အမျိုးသား (၂၄)ဦး၊ အမျိုးသမီး (၃၂)ဦးနှင့် ဂွေးကုန်းကျေးရွာ(ဆ.သ.လ)(၂)တပ်ရှိ အသက် (၁၀)နှစ်ပြည့် အမျိုးသား (၁)ဦး၊ လဲလှယ် အမျိုးသား (၅)ဦး၊ အမျိုးသမီး (၈)ဦး၊ ပျက်စီးပျောက်ဆုံး အမျိုးသား (၉)ဦး၊ အမျိုးသမီး (၇)ဦး စုစုပေါင်း အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၆)ဦးတို့အား အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ဆောင်ရွက်ပေးခဲ့သည်။

 

ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ဒေသခံပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မေ ၃ ရက်မှစတင်ကာ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းထံမှ သိရသည်။  

 

သင်းသင်းမြတ် (နတ်မောက်ပြန်/ဆက်)