နတ်မောက် ၂၀ ဇွန်
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျေးရွာများရှိ တောင်သူများ စပါးမျိုး ကောင်းမျိုးသန့်များသုံးစွဲပြီး အထွက်နှုန်းကောင်းမွန်ခြင်းဖြင့် အကျိုးအမြတ်များတိုးတက်ရရှိရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မျိုးသန့်မျိုးပွား စပါးမျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို ဇွန် ၁၈ ရက်၊ နံနက်က အဆိုပါဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်းက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကြည်မြင့်က စပါး မျိုးစေ့များ ပေးအပ်ရခြင်းနှင့်အတူ သိရှိလိုက်နာဆောင်ရွက်သင့်သည့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးရွာအုပ်စု (၁၅)အုပ်စုရှိ တောင်သူများ၏ စပါးစိုက်ဧက ၂၂၈ဧက အတွက် မနောသုခ၊ ဧရာမင်း၊ ဆင်းသုခနှင့် ထိုင်းနှံကောက်စပါးစသည့် စပါးမျိုးစေ့များကို တစ်ဧကလျှင် စပါးမျိုးစေ့ တစ်တင်းနှုန်းစီဖြင့် ပေးအပ်ခဲ့သည်။
အဆိုပါ စပါးမျိုးစေ့ပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်တင်လင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် ဝန်ထမ်းများ၊ ကျေးရွာများမှတောင်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)


