နတ်မောက် ၉ ဇူလိုင်

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ Grade -10 သင်ရိုးသစ်မြို့နယ်အဆင့် သင်တန်းသား၊ သူများအား  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းစည်သူက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သည့် ကိုဗစ်-၁၉ ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရန်၊ တတ်နိုင်သမျှ မိမိတို့၏ နေအိမ်တွင်သာ နေထိုင်ပြီး လူစုလူဝေးရှိရာ နေရာများသို့ မလိုအပ်ဘဲ (လုံးဝ) မသွားကြပါရန်၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို လူစုလူဝေးရှိရာ နေရာများသို့သွားသည့်အခါ တိုင်းတပ်ဆင်ကြပါရန်၊ အခြားသူများနှင့်တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ပါရန်၊ ဖြစ်နိုင်ပါကအနည်း ဆုံး(၆) ပေ အကွာမှ သာနေထိုင်ပြောဆိုဆက်ဆံကြပါရန်၊ လက်ကို ရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့်(၂၀)ကြာအောင် စနစ်တကျ မကြာခဏ ဆေးကြောရန်(သို့မဟုတ်)လက်သန့်စင် ဆေးရည်နှင့်ဆေးကြောကြပါရန်နှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအကြောင်း သိကောင်းစရာများကိုဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်၍ ဆရာ/ဆရာမများအနေဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင်ကျောင်းသား၊ သူများအား ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ လိုက်နာကျင့်သုံးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။

 

အသိပညာပေးဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းအဆင့် Grade-10 သင်ရိုးသစ်မြို့နယ်အဆင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သင်းသင်းဝေ(နတ်မောက်ပြန်/ဆက်)

 

mdn