နတ်မောက် အောက်တိုဘာ ၂၅
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု များလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ (၁ ဒသမ ၆) ပေ ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါနတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံကသိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် အောက်တိုဘာ ၂၅ ရက်တွင် တမံရေပြည့်အမှတ် (၆၈၃) ပေ၊ လက်ရှိရေအမှတ် (၆၈၄ ဒသမ ၆) ပေရှိ၍ (၁ ဒသမ ၆) ပေခန့် ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် (၆၈၄ ဒသမ ၆) ပေရှိပြီး (၁ ဒသမ ၆) ပေ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။
နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှရေကျော်ကျမှု ရှိနေသော်လည်း တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနဲ့ တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ သိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူ အဆင့်ဆင့်မှလည်း အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံမှ သိရသည်။
သင်းသင်းမြတ်


