နတ်မောက် ၁ ဇွန်

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ တောင်သူများ ဘေးကင်းသော စားသောက်ကုန်များ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ် (ဂျီအေပီ) ဖြင့် ယခုနှစ်မိုးရာသီ မိုးနှမ်းလျာထားဧက ၂၀ဝ၆၇၁ ဧက၊ မြေပဲလျာထားဧက ၂၈၁၂၉ ဧက၊ ပဲတီးစိမ်း လျာထားဧက ၅၀၅၄၃ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

နတ်မောက်မြို့နယ် လက်ခုပ္ပင်ကျေးရွာ တောင်သူဦးလှရှိန်က “ဧပြီလရွာသောမိုးရေဖြင့် တောင်သူ အချို့က ထွန်ရေးပြင်နေကြပြီး တောင်သူအချို့က နှမ်းသီးနှံများစိုက်ပျိုးကြပါတယ်၊ ကျန်တောင်သူ အချို့က ထွန်ရေးပြင်ပြီးသား အခြောက်မြေကြီးပေါ်တွင် မိုးကြိုကြဲ(အခြောက်ကြဲ)စနစ်ဖြင့် သီးနှံစိုက်ပျိုး ကြတယ်၊ ဧပြီလအတွင်း နှမ်းစိုက်တောင်သူများမှာ အပင်ပေါက်ရောက် မဖြစ်ထွန်းဟု သိရပြီး မေ ၂၁ ရက်မှ မေ ၂၅ ရက်အတွင်း နှမ်းစိုက်တောင်သူများဟာ မေ ၃၁ ရက် ရွာသွန်းခဲ့သောမိုးရေကြောင့် နှမ်းပင်ပေါက်များ၊ အပင်ပေါက်များ စုံစုံညီညီပေါက်ရောက်လာပြီဖြစ်၍ တောင်သူများ ဝမ်းသာ နေကြပါတယ်၊ ယခုဇွန်လအတွင်း အခြားသီးနှံများဖြစ်သော ‘ဝါ ကို အဓိကစိုက်ပျိုးကြမှာဖြစ်ပြီး မီးဖိုချောင် သီးနှံဖြစ်သည့် ငရုတ်၊ ခရမ်းချဉ်များကို ပျိုးထောင်ထားရှိကြပါတယ် ဟု ပြောသည်။

 

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စိုက်ပျိုးရေးတောင်သူများနှင့် သင့်လျော်ပြီး အရည်အသွေး ပြည့်ဝဘေးကင်သော စိုက်ပျိုးသီးနှံများရရှိအောင် ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများကို စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ မြို့နယ်စိုက်ပျိုးရေး ဝန်ထမ်း များက လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိထံမှ သိရသည်။ 

 

ဥမ္မာခင်(နတ်မောက်)