နတ်မောက်၊ ၁၄ ဇွန်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်(၇)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်လောင်းများအား အပတ်စဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၈ နာရီခန့်က ထိုးနှံ၊ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုယ်ဝန်ဆောင်အားဆေး (PRENATAL TABLET)၊ သန်ချဆေး (MEZON)၊ ဗီတာမင်အားဆေး (BEVIT-B1)ဆေးများအား တိုက်ကျွေးခြင်းနှင့် HIV ကာလသား ရောဂါပိုးစစ်ဆေးပေးခြင်း၊ သွေးအားနည်းရောဂါစစ်ဆေးခြင်း၊ ကိုယ်ဝန်ဆောင်ငှက်ဖျားရောဂါပိုး စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူများက လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) များ တပ်ဆင်လာစေရေး၊ လူစုလူဝေးမဖြစ်စေရေးတို့ကို စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ (နတ်မောက်)


