နတ်မောက်၊ ဇန်နဝါရီ ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် (၆)လဘတ်ဂျက် တင်ဒါအောင်မြင်ငွေကျပ် ၃၇ ဒသမ ၆ သန်း အသုံးပြုကာ သက်ရင်းတောကျေးရွာ၌ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် (၆)လဘတ်ဂျက် တင်ဒါအောင်မြင်ငွေကျပ် ၃၇ ဒသမ ၆ သန်း အသုံးပြုကာ သက်ရင်းတောကျေးရွာ၌ အရှည် ၉၉၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ၉ လက်မထု မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းကို သိင်္ဃဟရေနံသာကုမ္ပဏီမှ ဒီဇင်ဘာ ပထမပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းမှာ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ ပြောပြ၍ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ စိုက်ပျိုးဧက ၃၀၀၀ ကျော်မှ ထွက်ရှိသော လယ်ယာထွက်ကုန်သီးနှံများ ရာသီမရွေး ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရမှ ဆက်လက်ပြောပြ၍ သိရသည်။
သော်သော်


