နတ်မောက် မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရန် လျာထားသည့် ကျေးရွာများတွင် နွေစပါးများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဒေသတွင်း ဝမ်းစာဖူလုံရေးအတွက် မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးရန် လျာထားသည့်ကျေးရွာများမှ တောင်သူလယ်သမားများသည် နွေစပါးများကို စိတ်ဝင်စားစွာ ဂရုပြုစိုက်ပျိုးနေကြပြီး အထွက်ကောင်း စပါး မျိုးများကို ရွေးချယ်စိုက်ပျိုးလျက်ရှိသည်။ နတ်မောက်မြို့နယ် န/လက်ခုပ်ပင်ကျေးရွာအုပ်စု၊ ကြူအိုင် ကျေးရွာမှ တောင်သူလယ်သမားများသည် နတ်မောက်-ပျော်ဘွယ်မီးရထားလမ်း၏ ဝဲယာများရှိ လယ်များ တွင်လည်းကောင်း၊ မြို့မရပ်ကွက်မှ တောင်သူများ၏ လယ်မြေများတွင်လည်းကောင်း၊ နွေစပါးများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း၊ မတ်လကုန်တွင် ထွန်တုံးပိတ်မည်ဖြစ်ကြောင်း ကြူအိုင်ရွာမှ အကျိုးဆောင်တောင်သူတစ်ဦးက ပြောသည်။
နတ်မောက်မြို့နယ်တွင် ယခုနှစ်နွေစပါးစိုက်ပျိုးရန်အတွက် ကျောက်တံခါးရေလှောင်တမံဆည်ရေသောက် ဧရိယာတွင် နွေစပါးဧက(၆၀၀)၊ နတ်မောက်ရေလှောင်တမံဆည်ရေသောက်ဧရိယာတွင် နွေစပါးဧက(၃၀၀)၊ ဆည်ငယ်/ကန်ငယ် (၂၃၆)ဧက စုစုပေါင်း (၁၁၃၆)ဧက စိုက်ပျိုးရန်လျာထားပြီး တောင်သူများနှင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
မူမူစန်း