နတ်မောက် ဇွန် ၂၇

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်မှ တောင်သူများသည် ၂၀၂၂ ခုနှစ် မိုးစိုက်သီးနှံအဖြစ် ပင်ထောင်မြေပဲများကို စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် ပင်ထောင်မြေပဲခင်းများ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

နတ်မောက်မြို့နယ်အတွင်း မေ ၅ ရက်မှစ၍ ဒေသအချို့တွင်လည်းကောင်း၊ မေ ၉ ရက်တွင် ကျေးရွာအများအပြားသို့ လည်းကောင်း မိုးရွာသွန်းခဲ့၍ ၎င်းမိုးဖြင့် ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ ပင်ထောင်မြေပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ချည်မျှင်ရှည်ဝါများကို တောင်သူများက စိုက်ပျိုးကြကြောင်း ဒေသခံတောင်သူများက ပြောသည်။

 

“ကျွန်တော်တို့ကတော့ ပင်တောင်မြေပဲသီးနှံကို မေ ၁၀ ရက်လောက်မှာ စပြီးစိုက်ပျိုးကြတာပါ၊ အခုဆိုရင် ပင်ထောင်မြေပဲစိုက်ပျိုးပြီးတာ တစ်လသားရှိပါပြီ၊ အခုနှစ် မိုးရွာသွန်းမှုသင့်တဲ့အတွက် မျိုးစေ့ချပြီး အပင်ပေါက်နှုန်းက ၉၀ ရာခိုင်နှုန်းလောက် အပင်ပေါက်တယ်လို့ ပြောချင်ပါတယ်၊ ပင်ထောင်မြေပဲ စတင်စိုက်ပျိုးတဲ့နေရာမှာ ဂျောင်းဖော်ရပါတယ်၊ အဲ့ဒီဂျောင်းဖော်ပြီးသား မြောင်းထဲကို မြေပဲဆံချပြီးစိုက်ရတာပါ၊ မြေပဲဆံစိုက်ပြီးရင် နွားရှဉ်းနဲ့ ကြမ်းတုံးရိုက်ပြီး မြေဖို့ပေးရပါတယ်၊ မြေဖို့ပြီးရင် ဆေးဖျန်းပုံးနဲ့ ပေါင်းအုပ်ဆေးကို ရေနဲ့ဖျော်ပြီး ပက်ဖြန်းပေးရပါတယ်။ မြေပဲခင်းထဲမှာ ပေါင်းနုတ်တွေမရှိသလောက် အနေအထားအထိ အကျိုးသက်ရောက်တဲ့အတွက် ပေါင်းထိုးပေါင်းရှင်းလုပ်အားခ သက်သာတာပေါ့၊ ပင်ထောင်မြေပဲ (၁)လသားအရွယ်မှာ ကျောက်မှုန့်ပတ်ပြီး မှိုသတ်ဆေးအနည်းငယ်ဖျန်းပြီးရင် အပင်ပြုစုရတဲ့လုပ်ငန်းပြီးသွားပါပြီ၊        (၁)လသားအရွယ်မှာ ဘောင်တင်ထားလို့ ပဲပင်တွေအစွယ်ချဖို့ အဆင်သင့်ဖြစ်သွားတာပေါ့၊ ပင်ထောင်စိုက်ပြီး ရက်ပေါင်း (၁၀၀) နဲ့ (၁၁၀) ကြားမှာ မြေပဲဥတွေ ဖော်လို့ရပြီဖြစ်ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကတော့ ပင်ထောင်မြေပဲ တစ်ဧကကို တင်း(၁၀၀)လောက်ထိ ထွက်ရှိပါတယ်” ဟု ကြူအိုင်ကျေးရွာမှ ဦးသန်းထိုက်စိုးက ပြောသည်။

 

နတ်မောက်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီ ဆီထွက်သီးနှံ ပင်ထောင်မြေပဲစိုက်ဧကမှာ ၃၃၄၅၆ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

 

မူမူစန်း(ပြန်/ဆက်)