နတ်မောက်၊ ၂၉ ဒီဇင်ဘာ    

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများအနေဖြင့်   မိရိုးဖလာတောင်သူလုပ်ငန်းအပြင် နှစ်ရှည်ပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

အဆိုပါ နှစ်ရှည်ပင်များအနက်မှ သံပရာစိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ သံပရာသည် ကျန်းမာရေးနှင့် ညီညွတ်သော သီးနှံဖြစ်သည့်အလျောက်  ဝယ်ယူစားသုံးသူ များပြားကြောင်း သိရသည်။ သံပရာပင်ကို ကိုင်းကူးစိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းတို့ဖြင့် စိုက်ပျိုးနိုင်ပြီး အပင်ဖြစ်ထွန်းရန် ရေသွင်းစိုက်ပျိုးရကြောင်း သိရသည်။     

 “သံပရာ တစ်ပင်ကို ၄ ပေခြား ကျင်းတူးပြီး စိုက်ပျိုးပါတယ်။ မြေသြဇာအနေနဲ့တော့ သဘာဝမြေသြဇာ ကိုသာ သုံးပါတယ်။ တစ်နှစ်မှာ နှစ်ကြိမ် အသီးဆွတ်ခူးနိုင်ပါတယ်။  သံပရာတစ်ပင်မှာ အလုံး ၁၀၀၀ ခန့် အထိ ထွက်ရှိပြီး တစ်နှစ်ကို နှစ်ကြိမ် ဆွတ်ခူးရောင်းချရပါတယ်။ တခြားစိုက်ပျိုးရေး လုပ်ကိုင်နေတဲ့  တောင်သူများအနေနဲ့လည်း မိရိုးဖလာကနေခွဲထွက်ပြီး မြေအောက်ရေသွင်းစိုက်ပျိုးခြင်းဖြင့် ဈေးကွက်ရှိတဲ့ သံပရာစိုက်ပျိုးခြင်းကို စီးပွားဖြစ်လုပ်ကိုင်သင့်ပါတယ်” ဟု တစ်နိုင်တစ်ပိုင် သံပရာစိုက်ပျိုးသူ ဦးကျော်အောင်က ပြောပြသည်။

ယခုအခါ သံပရာသီးများကို ဈေးကွက်တွင် တစ်လုံးလျှင် ကျပ် ၅ဝ မှ ၁၀ဝ အတွင်း ဈေးနှုန်းပေး ဝယ်ယူရကြောင်း သိရသည်။

သင်းသင်းဝေ(နတ်မောက်)