နတ်မောက် မေ ၇

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ အပူဒဏ်ကာကွယ်ရေး အပူရှောင်စခန်းများကို မေ ၇ ရက်က မြို့မရပ် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံနှင့် ရွှေဘုံသာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတို့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အပူရှောင်စခန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျန်းမာရေးမှူးအဆင့်(၁) ဒေါ်ရီရီငြိမ်းက ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်နှင့် သတိပြုရမည့် အပူဒဏ်အန္တရာယ်များအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့က အဘိုးအဘွားများအား အချိုရည်ဘူးများပေးအပ်ခဲ့ပြီး မြို့နယ်ကျန်းမာရေးဌာနရှိ တာဝန်ကျဆရာမများက အပူရှောင်စခန်းသို့လာရောက်ကြသည့် အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ အပူရှောင်စခန်း(၂)နေရာသို့ လာရောက်ကြသည့် အဘိုးအဘွားစုစုပေါင်း (၆၀)ခန့်ရှိကြောင်း သိရသည်။

 

လှဝင်း