နတ်မောက် အောက်တိုဘာ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ စက်တင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု တိုးလာကာ ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ ရေပိုလွှဲမှ ၀ ဒသမ ၉ ပေ ရေကျော်လျက်ရှိကြောင်း နတ်မောက်ရေလှောင်တမံ တာဝန်ခံထံမှ သိရသည်။
နတ်မောက်ရေလှောင်တမံသည် စက်တင်ဘာ ၃၀ ရက်တွင် တမံရေပြည့်အမှတ် ၆၈၃ ပေထက် ၁ ဒသမ ၁ ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိခဲ့ပြီး ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် ၆၈၃ ဒသမ ၉ ပေရှိပြီး ၀ ဒသမ ၉ ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသည်။

“ကျွန်တော်တို့ နတ်မောက်မြို့နယ်မှာ စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုများတာကြောင့် ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိသော်လည်း တမံအောက်ဘက်ရှိ ဒေသခံပြည်သူများအတွက် စိုးရိမ်ဖွယ်မရှိပါဘူး၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ပါတယ်၊ ကျွန်တော်တို့ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်လျက် ရှိပါတယ်၊ တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနဲ့ တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေတွေကို ဒေသခံပြည်သူတွေ သိရှိအောင် အချိန်နဲ့တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်ထားပါတယ်”ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းက ပြောကြားသည်။
သင်းသင်းမြတ်