နတ်မောက် အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု များလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ ၁ ဒသမ ၂ ပေ ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် (၆၈၄ ဒသမ ၂) ပေရှိပြီး (၁ ဒသမ ၂) ပေ ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက် ရှိသည်။ တမံအတွင်းရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ သိရှိအောင် ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄) နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နှင့်တစ်ပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံဦးထိန်လင်းထံမှ သိရသည်။
သင်းသင်းမြတ်


