နတ်မောက်   ဒီဇင်ဘာ 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ  ယနေ့ နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ (၀ ဒသမ ၃) ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက် ရေလှောင်တမံမှ တာဝန်ခံထံမှ သိရသည်။

 

နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာ ၃၀ ရက်တွင် တမံရေပြည့်အမှတ်  (၆၈၃)ပေ၊ လက်ရှိ ရေအမှတ် (  ၆၈၃ ဒသမ ၄ )ပေရှိ၍ (၀ ဒသမ ၄)ပေခန့် ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့ နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃ ဒသမ ၃)ပေ ရှိပြီး (၀ ဒသမ ၃) ပေခန့် ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျလျက်ရှိသည်။

 

နတ်မောက်ရေလှောင်တမံရေပိုလွဲမှ ရေကျော်ကျမှုများလျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက် မှုအခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိ အောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှုအခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း  ရေကင်းဂျူတီချကာ (၂၄)နာရီ ပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။

သင်းသင်းမြတ်(နတ်မောက်)