နတ်မောက် နိုဝင်ဘာ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဆည်အောက်ရှိ တောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာချက်အရ (၀ ဒသမ ၇)ပေ ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။

နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာ ၁ ရက်တွင် တမံရေပြည့်အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ် (၆၈၃ ဒသမ ၈)ပေရှိ၍ (ဝ ဒသမ ၈)ပေခန့် ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက် ၆ နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ် (၆၈၃ ဒသမ ၇)ပေရှိပြီး (၀ ဒသမ ၇) ပေ ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှု လျော့နည်းလာသော်လည်း တမံအတွင်းရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ သိရှိအောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄)နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။

သင်းသင်းမြတ်