နတ်မောက် နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အောက်တိုဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆည်အောက်ရှိတောင်သူများ စိုက်ပျိုးရေးအတွက် မှီခိုအားထားရသည့် နတ်မောက်ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၀ ဒသမ ၄)ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် တမံရေပြည့်အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ် ( ၆၈၃ ဒသမ ၄ )ပေရှိ၍ (၀ ဒသမ ၄)ပေခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃ ဒဿမ ၄)ပေ ရှိပြီး (၀ ဒသမ ၄)ပေ ခန့်ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျကြောင်း သိရသည်။
နတ်မောက်ရေလှောင်တမံ ရေပိုလွဲမှ ရေကျော်ကျမှုများ လျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှု အခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိ အောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့် တမံဆက်စပ်ရေအား အဆောက်အအုံများအားလုံး ကြံ့ခိုင်ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄)နာရီ ပတ်လုံးစောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး တာဝန်ရှိသူ အဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။
သင်းသင်းမြတ်(နတ်မောက်)