ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ချင်းပြည်နယ် ကန်ပက်လက်မြို့ရှိ အာဆီယံအမွေအနှစ်ဖြစ်သော နတ်မတောင်အမျိုးသားဉယျာဉ်နှင့် ဆက်စပ်ဧရိယာ၌ တောရိုင်းတိရစ္ဆာန်များနှင့် သဘာဝအပင်များ ထိန်းသိမ်းခြင်းကို မြို့နယ်အဆင့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီများဖွဲ့စည်း၍ ဒေသခံလူမှုအသင်းအဖွဲ့တို့ဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိကြောင်း သိရသည်။
တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင်ကုန်သွယ်မှုကို နတ်မတောင် အမျိုးသားဉယျာဉ် အုပ်ချုပ်ရေးအဖွဲ့နှင့်အတူ ခရိုင်အဆင့် Task Force အဖွဲ့ကို ဖွဲ့စည်းပြီး ဉပဒေအရ ပိုမိုထိရောက်စွာ တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်။ နတ်မတောင် အမျိုးသားဉယျာဉ်အတွင်း ကန်ပက်လက်မြို့နယ်အပိုင်းရှိ ၁၀ မိုင် ထိန်းသိမ်းရေး ကင်းစခန်း၊ လှိုင်ဒုတ်ထိန်းသိမ်းရေးကင်းစခန်း၊ မင်းတပ်၊ မတူပီမြို့နယ်အပိုင်းရှိ မင်းတပ်မြို့ ရှေ့တန်းထိန်းသိမ်းရေး စခန်းနှင့် ၁၆ မိုင် ထိန်းသိမ်းရေးကင်းစခန်းတို့ဖြင့် ကင်းစခန်း လေးခုမှ ကင်းလှည့်ထိန်းသိမ်းရေး အဖွဲ့ လေးဖွဲ့က လှည့်ကင်းဖြင့် ထိန်းသိမ်းကာကွယ်လျက်ရှိရာ သားကောင်ပစ်ရန် လင့်စင်များနှင့် သုတ်ကိုင်း စတီးကြိုးများကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ပြီး အကြိမ်ရေ ၆၀ ကင်းလှည့်ဆောင်ရွက်ခဲ့ကာ ထိုနေရာများကို GPS ဖြင့် မြေပုံနှင့်မှတ်တမ်းတင်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
နိုင်ငံ၏အမွေအနှစ်တစ်ခုဖြစ်သော နတ်မတောင်အမျိုးသားဉယျာဉ်ကြီးအား ထိန်သိမ်းကာကွယ်မှုနှင့် စပ်လျဉ်း၍ နတ်မတောင်အမျိုးသားဉယျာဉ် အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းက “ကျွန်တော်တို့ ခရိုင်အဆင့် Task Force အဖွဲ့ကို ဖွဲ့စည်းပြီးတော့ ထိန်းသိမ်းရေးကင်းစခန်းလေးခုနဲ့ ဆောင်ရွက်နေတာရှိတယ်။ ထိန်းသိမ်းရေးကင်းစခန်းတွေအနေနဲ့ လှည့်ကင်းဆောင်ရွက်တဲ့အခါမှာ အခက်အခဲတွေလည်းရှိတယ်။ တောထဲက မုဆိုးလင့်စင် ၁၀ ခု၊ မုဆိုးတဲ ခြောက်လုံး၊ သားကောင်ကြီးတွေကို ထောင်တဲ့ စတီးကွင်း ၃၂ ကွင်းနဲ့ သားကောင်ငယ်ထောင်တဲ့ နိုင်လွန်ကြိုးထောင်ကွင်း ၄၇ ကွင်းကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းဟာ နတ်မတောင် အမျိုးသားဉယျာဉ်ရဲ့ အဓိက ပင်မလုပ်ငန်းလည်းဖြစ်ပါတယ်”ဟု ပြောပြသည်။
နတ်မတောင်အမျိုးသားဉယျဉ်ကြီးတွင် ဆတ်၊ တောဝက်၊ ခွေးအ၊ ကျားသစ်၊ အင်းကျား၊ သစ်ကြောင်၊ ကြောင်ကတိုး၊ ဝံကြောင်၊ ကြောင်မင်းနှင့် သင်းခွေချပ် စသော နို့တိုက်သတ္တဝါများ ကျက်စား နေထိုင်လျက်ရှိပြီး နို့တိုက်သတ္တဝါ ၃၅ မျိုး၊ အင်းဆက်မျိုးစိတ် ၁၅၅ မျိုး၊ ကုန်နေရေနေသတ္တဝါ ၁၀၆ မျိုး၊ ငှက်မျိုးစိတ် ၃၄၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၇၇ မျိုး၊ အပင်မျိုးစိတ် ၉၁၄ မျိုး၊ သစ်ခွမျိုးစိတ် ၂၀၂ မျိုးနှင့် ဆေးဘက်ဝင်အပင် ၁၀၈ မျိုး ရှင်သန်လျက်ရှိသည်။ အဆိုပါ နတ်မတောင်အမျိုးသားဉယျာဉ်အား ၂၀၁၂-ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် အာဆီယံအမွေအနှစ်ဉယျာဉ်(ASEAN Heritage Park)အဖြစ် တည်ထောင်သတ်မှတ်ခဲ့ကာ နိုင်ငံခြားခရီးသွားများ စိတ်ဝင်စားရာနေရာလည်းဖြစ်ကြောင်း သိရသည်။
သန်းထိုက်၊ ဓာတ်ပုံ - သန်းစိုး


