စိုင်းသာလှိုင်(လိမ္မော်မြေ)
ရှမ်းကုန်းမြေမြင့်၏ ဆောင်းအခါသမယမှာ မြောက်ပြန်လေနှင့် မိုးစက်မိုးပွင့်တို့ပါ ထပ်ဆင့် ဖြည့်ဆည်းပေးလိုက်သည့် အေးချမ်းသော နိမိတ်ကောင်းများနှင့်အတူ နတ်သစ်ရွက်တို့ စံပျော်ရာ ရွှေဖီမြေမြို့ နမ့်ဆန်သို့ ရောက်ရပြန်သည်။ နမ့်ဆန်သည် စာရေးသူနှင့် မစိမ်းပါ။ ယမန်နှစ် မီးဘေးသင့်ကာလချိန်ခါက မြန်မာ့အလင်းသတင်း စာတိုက် စာတည်းမှူးချုပ်၏ တာဝန်ပေးချက်အရ ရက်သတ္တပတ်ကျော် စတည်းချကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ သတင်း၊ သတင်းဓာတ်ပုံများ ရိုက်ကူးရေးသား ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်ပါ သည်။
ယခုမူ နမ့်ဆန်သည် တိုးတက်မှုနှင့်အတူ ပြောင်းလဲခဲ့ပြီ။ မီးလောင်ပြင်နေရာများတွင် တိုက်တာအိမ်ခြေများဖြင့် စည်ကားလျက်ရှိသည်။ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစိုင်းတိုးတိုးက ရန်ကုန်သင်တန်းမှအပြန် စာရေးသူအား နမ့်ဆန်ဒေသ လက်ဖက်စိုက်ပျိုးပြုစု ထိန်းသိမ်းတိုးတက်မှုလုပ်ငန်းများ လေ့လာရန် ဝင်ရောက် ဖိတ်ခေါ်မှုဖြင့် ထပ်မံရောက်ရှိခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတစ်ဝန်း နေ့စဉ်သောက်သုံးလျက်ရှိကြသည့် လက်ဖက်ဟု ခေါ်တွင်ရခြင်း အကြောင်းခြင်းရာများကို ဆန်းစစ်လေ့လာရာတွင် မဏိစည်သူမင်းကြီးသည် နိလဗိဇနတ်သစ်စေ့ကို ပလောင်တိုင်းရင်းသားအကြီးအကဲ တာငွန်းကို ဆုလာဘ်တော်အဖြစ် ပေးအပ်ရာ၌ တာငွန်းသည် လက်တစ်ဖက်ဖြင့်သာ လက်ခံရယူခဲ့ခြင်းကြောင့် လက်တစ်ဖက်ရွက်ဟု ခေါ်ဆိုရာမှ ကာလရွေ့လျော့၍ နှစ်ပရိစ္ဆေဒ ကြာညောင်းလာသောအခါ လက်တစ်ဖက်ရွက်မှ လက်ဖက်ရွက်ဟု ခေါ်တွင်လာခဲ့သည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။ မင်းကြီးသည် ရောင်ခြည်တော် ပြိုးပြိုးပြက်လက်သော နေရာကို ဆင်ဖြူတော်ဖြင့် တူးဖော်စေပြီး ဓာတ်တော်နှင့်တကွ ဘီလူးမ ဆက်သအပ်သော စကားဝါသားကိုးပိုင်းအနက်တစ်ပိုင်းကို ဗုဒ္ဓဆင်းတုတော် ထုတ်လုပ်၍ ဌာပနာပြုကာ စေတီတည်ခဲ့သည်။
သီရိဓမ္မာသောကမင်းကြီး တည်ထားသော ကျောက်စေတီတော်ကို အဓိဋ္ဌာန်ပြု ရှာဖွေရာတွင် ပလောင်တိုင်းရင်းသားများက အဓိဋ္ဌာန်အောင်မြင်၍ မဏိစည်သူမင်း တရားကြီးသည် လွန်စွာ ဝမ်းမြောက်နှစ်ခြိုက်လှသည်ဖြစ်ရာ ဘီလူးညီနောင်လေးဦး ကြိုတင်ဆက်သခဲ့သော နိလဗိဇ နတ်သစ်စေ့ကို ပလောင်တိုင်းရင်းသားများ အစဉ်သဖြင့် စိုက်ပျိုးစားသောက်နိုင်စေရန် ဆုလာဘ်တော်အဖြစ် လွယ်ဆိုင်တောင်၏ ယခုနန်းတော်တည်ရှိရာ နေရာတွင် ပလောင်တိုင်းရင်းသား အကြီးအကဲ တာငွန်းအား ပေးသနားတော်မူခဲ့လေသည်။ ပလောင်တိုင်းရင်းသားတို့သည် နတ် သစ်စေ့ စိုက်ပျိုးသည့်နေရာ၌ပင် မဏိစည်သူမင်းကြီးအား ရည်စူးဂုဏ်ပြု၍ ပုံတူ ရုပ်တုနှင့် ခံ့ညားထည်ဝါသော ပြသာဒ်ဆောင်နှင့်အတူ တည်ထားကိုးကွယ်ခဲ့သည်မှာ ယနေ့ထိတိုင်အောင်ဖြစ်သည်။ အဆိုပါ ကျေးဇူးရှင်ဖြစ်သော မဏိစည်သူ မင်းကြီးအား ရည်စူးဂုဏ်ပြုသောအားဖြင့် တော်သလင်းလပြည့်နေ့၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် မဏိစည်သူမင်းကြီးအား ဂုဏ်ပြုသောပွဲတို့ကို နှစ်စဉ်ကျင်းပရခြင်းဖြစ်ပေသည်။ ထိုရည်စူးဂုဏ်ပြုသောပွဲတွင် သဲပုံစေတီတစ်ထောင်၊ ဝါးညောင်ရေအိုး တစ်ထောင်၊ ဖယောင်းတိုင်တစ်ထောင်၊ ပန်းတစ်ထောင်၊ ဆွမ်းဟင်းခဲဖွယ်တစ်ထောင်၊ တံခွန်အောင်လံတစ်ထောင်၊ ကုက္ကားတစ်ထောင်၊ မုလေးပွားတစ်ထောင်၊ ထီးဖြူ တစ်ထောင်နှင့် ဆွမ်းတော်အုပ်တစ်ထောင်တို့ကို တင်လှူပူဇော်လျက် လက်ဖက် တည်ရှိရာ နေရာတွင် နှစ်စဉ်မပျက် တော်သလင်းလပွဲတော်ကို ကျင်းပပူဇော်ကြပေသည်။
မဏိစည်သူမင်းကြီးသည် ဘီလူးညီနောင်လေးဦးထံမှ ရရှိခဲ့သော နတ်သစ်စေ့ကို သင့်လျော်လျောက်ပတ်သော နေရာ၌ စိုက်ပျိုးရန်နှင့် သာသနာပြုနိုင်ရန် ဖောင်စကြာဖြင့် ဆက်လက်ကြွချီလာရာ ကောဇာသက္ကရာဇ် ၄၈၆ ခုနှစ်တွင် နမ့်ဆန်လွယ်ဆိုင် (ပတ္တမြားတောင်) တောင်သို့ ရောက်ရှိပြီး နတ်သစ်စေ့(ခေါ်) လက်ဖက်ပင်ကို စိုက်ပျိုး၍ ထိုမှတစ်ဆင့်အသီးအပွင့်တို့ကို မျိုးပွားလာရာ ယခုနမ့်ဆန်ဒေသသာမက နိုင်ငံတစ်ဝန်းလုံးတိုင်အောင် ပျံ့နှံ့ခဲ့ခြင်းဖြစ်ပေသည်။ လက်ဖက်ပင်များကို တောင်စောင်း၊ တောင်တန်းများပေါ်တွင် ကွန်တိုလိုင်းဖော်ကာ လှေကားထစ်သဖွယ် အဆင့် ဆင့်ပြုလုပ်၍ စိုက်ပျိုးလေ့ရှိကြသည်။ လက်ဖက်စိုက်ပျိုးသောဒေသနှင့် ရာသီဥတု တို့အပေါ် အခြေခံကာ အပင်၏ သန်စွမ်းမှုပေါ်မူတည်၍ လက်ဖက်ပင်များကို တစ်နှစ် လျှင် အကြိမ်ပေါင်းများစွာ ဆွတ်ခူးနိုင်ပေသည်။ ပူနွေးသော ရာသီဥတုရှိ ဒေသများတွင် နွေဥတု ခြောက်လတာ ကာလအတွင်း ရက်သတ္တပတ်လျှင် တစ်ကြိမ် ခူးယူနိုင်ပြီး ရာသီဥတုအေးသော ဒေသများတွင် အကြိမ်လျှော့၍ ခူးရသည်။ ဆွတ်ခူးရာတွင်လည်း ကုန်စင်အောင် မခူးရဘဲ အပင်ထိခိုက်ဒဏ်ရာရခြင်းမရှိအောင် ဂရုတစိုက်ခူးရန် လိုပေသည်။
လက်ဖက်ဆွတ်ခူးသည့် ကာလသို့ ရောက်လျှင် များသောအားဖြင့် အဖူးနှင့် အရွက်နုလေးများကိုသာ ခူးကြပြီး အရွက်နုလေ၊ လက်ဖက်ခြောက် ကောင်းလေဖြစ်၍ လက်ဖက်အနု၊ အရင့်အပေါ် မူတည်ကာ လက်ဖက်ခြောက်အမည် မှည့်ခေါ်ကြသည်။ နမ့်ဆန်ဒေသမှ ထွက်သော နာမည်ကျော် ရွှေဖီမိုးလွတ် လက်ဖက်မှာ နာမည်ကြီးပြီး လူအများနှစ်ခြိုက်သော လက်ဖက်ဖြစ်သည်။ ရွှေဖီမိုးလွတ်ဆိုသည်မှာ မိုးမကျမီ သင်္ကြန်မတိုင်မီ ပေါ်ဦးပေါ်ဖျား လက်ဖက်ကို မိုးရေလွတ်သည့်အတွက် ရွှေဖီမိုးလွတ် လက်ဖက်ဟု ခေါ်တွင်ခြင်းဖြစ်သည်။ သို့ရာတွင် ထိုရွှေဖီမိုးလွတ်ထက်ကောင်းသော လက်ဖက်တစ်မျိုးရှိသေးသည်။ အဆိုပါ လက်ဖက်မျိုးမှာ ပြာသို၊ တပို့တွဲ လက်ဖက်ရွက်ကြမ်းများ ကြွေမည့်ဆဲဆဲတွင် နှင်းအားကို အမှီပြု၍ထွက်သော လက်ဖက်ရွက်နု ကလေးများပင် ဖြစ်ပေသည်။ ထိုလက်ဖက်ကို နှင်းတက်လက်ဖက်ဟု ခေါ်ကြသည်။ သို့ရာတွင် လက်ဖက်ချိန်ခါ မဟုတ်သေးသဖြင့် ရွှေဖီမိုးလွတ်လက်ဖက်ကဲ့သို့ လုံလောက်ပေါများစွာ မရနိုင်ပေ။ အချိန်အခါမဟုတ် ရှားရှားပါးပါး ပေါ်ဦးပေါ်ဖျားမို့လည်း အဖိုးတန်ခြင်းဖြစ်သည်။ လူတိုင်း သုံးနိုင်လောက်အောင် မရရှိသဖြင့် နှင်း တက်လက်ဖက်ကို လူတိုင်းမသိမမြင်ဖူးခြင်းဖြစ်သည်။
ရွှေဖီဦးနှင်းတက်လက်ဖက်၊ ရွှေဖီမိုးလွတ်လက်ဖက်၊ ခါးကန်လက်ဖက်၊ ခါးကွက်လက်ဖက်၊ ခါးနိုင်လက်ဖက်ဟူ၍ လက်ဖက်အမျိုးမျိုးရှိသည်။ လက်ဖက်ခူးသော အချိန်မှာ နေအလွန်ပူပြင်းသည့် တန်ခူးကဆုန်အချိန်ဖြစ်သည်။ သို့မှလည်းခူးပြီး လက်ဖက်ရွက်များကို ပေါင်းသင်ကာ နေခြောက်အောင် လှန်းနိုင်မည်ဖြစ်သည်။
လက်ဖက်ကို မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဆေးဖက်ဝင်အပင်အဖြစ်လည်း လက်ခံထားကြသည်။ လက်ဖက်နှင့် ပတ်သက်၍ ဓာတ်စာရေးထုံးကျမ်းများတွင် လက်ဖက်သည် အအေးလွန်ကဲ၏။ ဖန်၏။ လေကိုရွှင်စေ၏။ ဆီးဝမ်းချုပ်လျှင် သော်လည်းကောင်း၊ အောင့်လျှင်သော်လည်းကောင်း၊ လက်ဖက်စိမ်ရည်နှင့် သနပ်ခါးရည်ကို ထက်ဝက်စီ မျှအောင်ရော၍ တိုက်လျှင်ပျောက်နိုင်၏။ လက်ဖက်ရည်ကြမ်းကို တစ်နေ့လျှင် သုံးလေးခွက်ပုံမှန်သောက်သုံးပါက အသက်ရှည်နုပျိုခြင်း၊ ကင်ဆာ ရောဂါကို ကာကွယ်နိုင်ခြင်း၊ အဆီချပေးခြင်း၊ နှလုံးနှင့် သွေးကြောရောဂါများမှ ကာကွယ်ပေးခြင်း၊ သွားနှင့် သွားဖုံးရောဂါများကို အထောက်အကူပြုခြင်း၊ ဆီးချို၊ သွေးတိုး ရောဂါကို သက်သာစေခြင်း ၊ အရောင်ကျစေခြင်း ၊ အသည်း လုပ်ငန်းဆောင်တာ မှန်ကန်ကောင်းမွန်စေခြင်းနှင့် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေသည်။
ထိုသို့လူသားများအတွက် ကောင်းကျိုးအဖြာဖြာကို ပေးစွမ်းနိုင်ခြင်းရှိသည့် လက်ဖက်သီးနှံကို အထွက်နှုန်း လျော့နည်းခြင်းနှင့် မျိုးသုဉ်းပျောက်ကွယ်သွားခြင်း မရှိစေရေးအတွက် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းတိုးတိုးနှင့် စိုက်ပျိုးရေးဝန်ထမ်းများသည် လက်ဖက်တောင်သူများ အကျိုးဖြစ်ထွန်းစေသည့် သိပ္ပံနည်းကျ လက်ဖက်စိုက်ပျိုးခြင်း လုပ်ငန်းကို တောင်သူဦးစိုင်းထွန်းအောင်၏ လက်ဖက်ခြံမြေတွင် ပျဉ်းမနား ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားများနှင့် လက်ဖက်စိုက်တောင်သူများ ပူးပေါင်းလျက် တစ်ဧကလျှင် အပင်ရေ ၇၄၀ဝ ကျော် ဝင်ဆံ့သည့် လက်ဖက်နှစ်တန်းပူး စိုက်ပျိုးနည်း စနစ်ဖြင့် ဘက်စုံစံပြ လက်ဖက်ခြံအဖြစ် အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိသည်။ ပြောင်းလဲလာသော ရာသီဥတုဒဏ်ကို ကာကွယ်နိုင်သည့် အရိပ်လည်းရ၊ အပိုဝင်ငွေလည်း ရသည့် နှစ်ရှည် သီးညှပ်ပင်ဖြစ်သော သစ်ကြားနှင့် ထောပတ်ပင်များကိုလည်း စနစ်တကျ စိုက်ပျိုး ဆောင်ရွက်လျက်ရှိသည်။
လက်ဖက်ထွက်ရာဒေသနမ့်ဆန်မြို့နယ်၏ လက်ဖက်စိုက်ဧက ၅၁၆၄၉ အနက်၊ တစ်ဧက ပျမ်းမျှအထွက်နှုန်း ပိဿာချိန် ၃၀ဝ ခန့်သာရှိပြီး ယခင်သမာရိုးကျ စိုက်နည်းများအရ အပင်ဝင်ဆံ့မှု နည်းပါးပြီး အထွက်နှုန်းလျော့ခဲ့သော်လည်း ယခုကဲ့သို့ ခေတ်မီ သိပ္ပံနည်းကျ လက်ဖက်နှစ်တန်းပူး စိုက်ပျိုးနည်းစနစ်မှာ မြေဆီလွှာစိုက်ပျိုးမှုဒဏ် ခံနိုင်ရည်ရှိကာ ခူးဆွတ်ရာ၌လည်း လွယ်ကူ၍ အထွက်နှုန်းမှာ တစ်ဧကလျှင် ပိဿာချိန် ၈၀ဝ မှ ၈၀ဝ ကျော်အထိ ထွက်ရှိသဖြင့် ဒေသခံလက်ဖက်တောင်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာ အထောက်အကူ ပြုစေမည့် စိုက်ပျိုးရေးနည်း စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးစိုင်းတိုးတိုးက ရှင်းလင်းပြောပြသည်။
တောင်ပေါ် ဒေသတစ်ဝိုက် တောင်ကုန်းတောင်စောင်းများတွင် လက်ဖက်စိုက်ခင်းများ ရှိခြင်းဖြင့် မိုးရာသီတွင် တောင်ပြိုခြင်းနှင့် ရေတိုက်စားခြင်းအန္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်ရာ လက်ဖက်စိုက်ခင်းများသည် တောင်ပေါ် ဒေသ သစ်တောများ၏ ရေဝေရေလဲ သစ်တောထိန်းသိမ်းရေး လုပ်ငန်းကိုပါ အထောက်အကူပြုစေသည်။
သို့ဖြစ်ရာ သမိုင်းရှေးရိုး အစဉ်အလာကောင်းရှိသော မြန်မာ့လက်ဖက်စိုက်ပျိုးမှု လုပ်ငန်းကို မိမိတို့နိုင်ငံအတွင်း လက်ဖက်စိုက်ပျိုးနိုင်သည့် ဒေသအလိုက် ဒေသခံ ပြည်သူများအနေဖြင့် ဝင်ငွေတိုးလုပ်ငန်းတစ်ရပ်အဖြစ် ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြရပါသတည်း။