နတ်တလင်း စက်တင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို မြို့မရပ်ကွက်၊ ဗဟို(မူလွန်)ကျောင်း၌ စက်တင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့ပို့ချခဲ့ရာ ယနေ့နံနက် ၉ နာရီက လက်တွေ့သင်ခန်းစာအဖြစ် သင်တန်းတက်ရောက်နေသူ ၁၆၇ ဦးက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ စမ်းသပ်ကောက်ယူခဲ့သည်။
အဆိုပါ လက်တွေ့စမ်းသပ် ကွင်းဆင်းကောက်ယူရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် လူဦးရေနှင့် အိမ်အကြောင်းအရာများကို မှန်ကန်စွာ စာရင်းကောက်ယူနိုင်ရေးနှင့် အီလက်ထရောနစ်နည်းပညာဖြင့် ကောက်ယူနိုင်ရေးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ယခုလက်တွေ့ ကွင်းဆင်းစမ်းသပ် ကောက်ယူခဲ့သည့် အတွေ့အကြုံများနှင့် အားနည်းချက်၊ အားသာချက်များကို သင်တန်းတွင် ပြန်လည်ဆွေးနွေး ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


