သာယာဝတီ ၁၆ ဇွန်
ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေးအတွက် သာယာဝတီခရိုင် သာယာဝတီခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် နတ်တလင်းမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်များရှိ ကျေးရွာများသို့ ကွင်းဆင်း၍ တောင်သူကိုယ်စားလှယ်များ၊ ဆည်ရေသောက်တောင်သူများနှင့် တွေ့ဆုံကာ ရေအသုံးချသူများအဖွဲ့(Water User Group - WUG) များ ဖွဲ့စည်းဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရေပေးမြောင်းအလိုက် တောင်သူများပါဝင်သည့် ရေအသုံးချသူများအဖွဲ့များကို သက်ဆိုင်ခရိုင်/မြို့နယ်များအလိုက် ဆည်ရေဝန်ထမ်းများက ဇွန်လပထမပတ်မှစတင်ပြီး တိုးချဲ့ဖွဲ့စည်းပေးခြင်းများ ကွင်းဆင်းဖွဲ့စည်းပေးလျှက်ရှိသည်။
ရေပေးမြောင်းအလိုက် တောင်သူများပါဝင်သည့် ရေအသုံးချသူများအဖွဲ့ကို တိုးဖွဲ့စည်းပေးခြင်းအားဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေလှောင်တမံများ၏ ဆည်ရေသောက်စနစ်များတွင် ရေပေးမြောင်းအလိုက် တောင်သူများ ဆည်ရေကို ထိရောက်စွာ အသုံးချနိုင်စေခြင်း၊ တောင်သူအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေခြင်း၊ မိမိတို့ အသုံးပြုနေသော ရေယူမြောင်းများကို မိမိတို့ကိုယ်တိုင် ထိန်းသိမ်းစောင့်ရှောက်ခြင်းစသည့် အလေ့အကျင့်ကောင်းများ ရရှိစေပြီး ဆည်ရေ၏ အကျိုးကျေးဇူးများကို ပိုမိုခံစားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အနေဖြင့်လည်း တောင်သူများဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ရေအသုံးချသူများအဖွဲ့ (Water User Group - WUG)များ ထပ်မံ တိုးချဲ့ဖွဲ့စည်းရေးနှင့် ဖွဲ့စည်းပြီးသော WUG အဖွဲ့များ၏ လှုပ်ရှားဆောင်ရွက်မှုများ ပိုမိုတိုးတက်မှု ရှိစေရေးတို့အတွက် အကောင်အထည်ဖောဆောင်ရွက်လျှက်ရှိပြီး သာယာဝတီခရိုင်အတွင်းရှိသော တောင်ညိုရေလှောင်တမံ၊ ဂမုန်းရေ လှောင်တမံ၊ စဉ့်ကူးချောင်းဂေါင်းရေလှောင်တမံ၊ မင်းလှရေလှောင်တမံ၊ ကံတင်ဘီးလင်းရေလှောင် တမံနှင့် သဲကောရေလှောင်တမံတို့ရှိ ဆည်ရေသောက်ရေပေးမြောင်းများအလိုက် ကျေးရွာများတွင် ဆည်ရေသောက် တောင်သူများပါဝင်သော ရေအသုံးချသူများအဖွဲ့(Water User Group - WUG) (၆၅)ဖွဲ့ ထပ်မံတိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


