နတ်တလင်း မေ ၂၅
ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ဘောပင်နှင့် ခံတဲများကို အခမဲ့ဖြန့်ဝေပေးသည်။
ထိုသို့ ကျောင်းအပ်နှံခြင်းကို ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ ၃၁ ရက်အထိဖြစ်ပြီး ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံစေရေးအတွက် “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါ အသိပညာပေး ဆိုင်းဘုတ်များ၊ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို အခြေခံပညာကျောင်းများနှင့် လူစည်ကားရာနေရာများ၌ စိုက်ထူပေးခြင်း၊ ဖြန့်ဝေခြင်းများဆောင်ရွက်ပေးသည်။
အဆိုပါ ကျောင်းအပ်လက်ခံရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)


