နတ်တလင်း နိုဝင်ဘာ ၉

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ခု ခြောက်လဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း၊ ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းအတည်ပြုရွေးချယ်ခြင်းကို နိုဝင်ဘာ ၈ ရက်က မြို့စိုးကျေးရွာအုပ်စု၊ သဘွတ်ကြီးတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကိုဗစ်−၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဦးစွာ နတ်တလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကြောင်းကို မိတ်ဆက်ရှင်းလင်း ပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းစီအလိုက် ရှင်းလင်းပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော ဒေသခံကျေးရွာသူ၊ ကျေးရွာသားများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များကို အများသဘောဆန္ဒနှင့်အညီ မဲပေးရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ နတ်တလင်းမြို့နယ်၊ သဘွတ်ကြီးတောကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်းတစ်ရာ၊ ပြည်သူထည့်ဝင်ငွေများဖြင့် ဆောင်ရွက်မည့် လုပ်ငန်းရွေးချယ်ခြင်းကို အုပ်စုငါးစုဖွဲ့စည်း၍ အုပ်စုအလိုက်တင်ပြသည့်စနစ်ဖြင့် ရွေးချယ်ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာ၌ ကျေးရွာတွင်း မြေနီခင်းခြင်းလုပ်ငန်းကို ပထမဦးစားပေးလုပ်ငန်းအဖြစ် ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

 

ဖြိုးလေး