နတ်တလင်း ဇူလိုင်၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှု မရှိစေရန် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ဇူလိုင် ၂၈ ရက်က မြို့ပေါ်(၄) ရပ်ကွက်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

အသိပေးနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံး အိမ်တွင်သာနေထိုင်ကြရန်၊ သို့မှသာ ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ပြင်ပမှလာသောဧည့်သည်များအား လက်မခံရန်နှင့် မိမိတို့ကလည်း အလည်အပတ်သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ပါက ပါးစပ်နှင့် နှာခေါင်းစည်း Maskကို စနစ်တကျတပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး၆ပေအကွာမှ ခပ်ခွာခွာနေရန်၊ Mask မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကိုရှောင်ကြဉ်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင်စနစ်တကျဆေးကြောရန်၊  လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံး တို့ကို ထိတွေ့ခြင်းမပြုလုပ်ကြရန်၊ မိမိတို့နေအိမ်များတွင် ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြရန်၊ အသုံးပြုပြီးသော ပါးစပ်နှင့် နှာခေါင်းစည်းMaskများကို စနစ်တကျ စွန့်ပစ်ကြရန်၊ အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့် အနီးကပ် မထိတွေ့ကြရန်၊ သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ သွေတိုး၊ နှလုံးရောဂါအခံရှိသူများအနေဖြင့် ရောဂါကူးစက်နိုင်သဖြင် အိမ်တွင်သာနေထိုင်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူကြရန်၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များ နှင့်အညီနေထိုင်ကြရန် ပြည်သူများအားအသိပေးလိုက်လံနှိုးဆော်ပေးခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှု ဆောင်ရွက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထားထားဦး