နတ်တလင်း ဇူလိုင်၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာမှုမရှိစေရေးအတွက် မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဇူလိုင် ၂၉ ရက် နံနက် ၈ နာရီက ရန်ကုန်-ပြည်လမ်းမကြီး၊ သံဖြူရုံမီးပွိုင့်လမ်းဆုံများတွင် ရွေ့လျားကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံပြန်ရေး ကော်မတီဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက အခြားမြို့နယ်များမှ ပြည်သူများ ဖြတ်သန်းသွားလာခြင်း၊ မြို့နယ်အတွင်းရှိ ပြည်သူများစျေးရောင်း၊ စျေးဝယ်ခြင်းလုပ်ငန်းများကို နေ့လယ် ၁၂ နာရီအထိသာ ခွင့်ပြုခြင်း၊ နေ့လယ်ပိုင်းတွင် အရေးကြီးကိစ္စများမှအပ နေအိမ်ပြင်ပထွက်ခွာသွားရောက်ပါက နယ်မြေဖြတ်သန်းခွင့်ကတ်ပြားများ၊ ဝန်ထမ်းများဖြစ်ပါက ဝန်ထမ်းကတ်ပြား၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာများနှင့် သွားလာမှုရှိ/မရှိ တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားထားဦး


