မွေးကင်းစအရွယ်ကလေးငယ်တွေနဲ့ အသက် ၁၀ နှစ်အရွယ်လောက်အထိကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ နို့ပွေးက မှိုပိုးကူးစက်မှုတစ်ခုပါပဲ။ ဒီမှိုပိုးက အရေပြားပွန်းပဲ့ရာတွေကနေတဆင့် ခန္ဓာကိုယ် အတွင်းပိုင်းကိုရောက်ရှိသွားပြီး အရေပြားပေါ်မှာဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်မှာ ကုတ်ရာခြစ်ရာ သေးသေးလေးပဲရှိတယ်ဆိုရင်တောင်မှ ကူးစက်ခံရနိုင်ပါတယ်။

 

နို့ပွေးဆိုတာ ကလေးအရေပြားပေါ်က ပန်းရောင် (သို့) အနီရောင် ခပ်ဝိုင်းဝိုင်းသဏ္ဍန် အကွက်လေး တွေပါ။ နို့စို့ထားလို့ ပေနေတတ်တဲ့ ပါးစပ်တဝိုက်မှာဖြစ်တာမို့ နို့ပွေးလို့ ခေါ်ကြတာဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအရေပြားပြဿနာက မျက်နှာတစ်ခုတည်းမှာ မဟုတ်ဘဲ ဦးရေပြား၊ လက်နဲ့ ခြေထောက်တွေအပြင် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။

 

ဘယ်လိုကူးစက်နိုင်လဲ

 

မေမေတို့လက်ကနေ သို့မဟုတ် မှိုပိုးရှိနေတဲ့ ဘယ်အရာနဲ့မဆို ထိတွေ့မှုတွေကနေတဆင့် ကူးစက်တာ ဖြစ်ပါတယ်။ အရုပ်တွေ၊ တဘက်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေ ၊ အခင်းပြားတွေ၊ အဝတ်အစားတွေ နဲ့ ဦးထုပ်တွေလို ကလေးအသုံးအဆောင်တွေကတဆင့် ကူးစက်နိုင်ပါတယ်။ အများကူးတဲ့ ရေကူးကန်တွေနဲ့ အခြားလူအများနဲ့မျှသုံးရတဲ့နေရာတွေ ကနေလည်း ကလေးတွေကို မှိုပိုး ကူးစက်စေနိုင်ပါတယ်။

 

ဘယ်လို လက္ခဏာတွေရှိတတ်လဲ

 

နို့ပွေးက တခါတလေမှာ အရေပြားပေါ်မှာ အနီရောင်အကွက်တွေဖြစ်တာမျိုးတွေဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေ တစ်ကွက်လောက်ပဲဖြစ်တတ်သလို တစ်ခါတလေ အကွက်တွေအများကြီးထွက်တာမျိုး လည်းရှိတယ်။

 

နို့ပွေးက မျက်နှာပေါ်မှာလည်းဖြစ်တတ်ပါတယ်။ ၁ လက်မကနေ ၂ လက်မလောက်ရှိတဲ့ အဝိုင်းလေးဖြစ်မယ်၊ အနားသတ်နေရာလေးမှာ အနီရောင်အဖုခပ်ထူထူလေးတွေပေါက်နေတတ်ပြီး အလယ်ဘက်မှာတော့ ဖုလေးတွေမရှိပါဘူး။ ကလေးတွေမှာ အနီရောင်ဖုလေးတွေပေါက်ပြီး ယားယံနေတာမျိုးဖြစ်နေတာကို သတိထားမိနိုင်ပါတယ်။ နို့ပွေးက ကလေးငယ်ရဲ့ ပါးတွေ၊မေးစေ့တွေ၊မျက်လုံးတဝိုက်၊ နဖူး နဲ့ နှာခေါင်းတွေမှာဖြစ်တတ်ပါတယ်။

 

နို့ပွေးဖြစ်လာစေတဲ့ အကြောင်းရင်းတွေက – အရေပြားချင်းထိတွေ့မှု၊ အရေပြားထိခိုက်မှုတွေ၊ အသုံးအဆောင်တွေကို အတူတူသုံးစွဲတာ၊ အိမ်မွေးတိရစ္ဆာန်တွေကနေတဆင့် ကူးစက်တာ၊ ရာသီဥတု ပူနွေးတာ၊ အာဟာရမပြည့်ဝတာ၊ ကိုယ်ခံအားနည်းတာ၊ ရောဂါပိုးကူးစက်ခံရနိုင်တဲ့ မျိုးဗီဇရှိတာနဲ့ ပူနွေးစိုစွတ်တဲ့ရာသီဥတုမှာ ချွေးအရမ်းထွက်တာတို့ ပါဝင်ပါတယ်။

 

ဘယ်လိုကုသမလဲ

 

ဒီလိုရာသီဥတုမှာ ကိုယ့်ကလေးငယ်ကို နို့ပွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊ ဖြစ်လာရင် ဘယ်လိုကုသမလဲ ဆက်ပြီးပြောပြပါမယ်နော် …

 

•           ဆရာဝန်ညွှန်ကြားတဲ့ မှိုသတ်ဆေးကုထုံးတွေအတိုင်းလိုက်နာလုပ်ဆောင်ပေးပါ။

 

•           ဆေးမြီးတိုတွေနဲ့မကုပါနဲ့။ အရေပြားနုနုလေးမှာ မလိုလားအပ်ဘဲ အခြေအနေဆိုးလာတာမျိုးတွေဖြစ်လာရင် ရင်ကျိုးရချည်ရဲ့။

 

•           ကလေးကိုဆရာဝန်ဆီသွားမပြနိုင်သေးခင်မှာအုန်းဆီစစ်စစ် ဒါမှမဟုတ် Baby Oil လေးလူးပေးလို့ ရပါတယ်နော်။

 

•           ဦးရေပြားပေါ်မှာ နို့ပွေးဖြစ်မယ်ဆိုရင် အရှင်းပျောက်ဖို့က ၆ ပတ်ကနေ ၈ ပတ်လောက်အထိ အချိန်ယူရမှာဖြစ်ပါတယ်။ ဆရာဝန်က ကလေးနဲ့သင့်တော်မယ့် မှိုသတ်ဆေးခေါင်းလျှော်ရည် (သို့)ဆေးပြားလေးတွေကို ညွှန်းပေးပါလိမ့်မယ်။

 

•           နို့ပွေးဖြစ်နေတဲ့နေရာကို ညင်ညင်သာသာသန့်စင်ပေးပြီးခြောက်သွေ့အောင်ထားပါ။

 

•           ကလေးမှာနောက်ဆက်တွဲရောဂါတွေမဖြစ်လာစေဖို့ နဲ့ ခန္ဓာကိုယ်ရဲ့အခြားနေရာတွေကို ထပ်မပျံ့နှံ့စေဖို့အတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အတိအကျလိုက်နာပေးဖို့လိုပါတယ်။

 

ကာကွယ်ရအောင်

 

•           သန့်ရှင်းမှုကို ဂရုစိုက်ပါ။ (နို့စို့ပြီးဖြစ်ဖြစ်၊ ထမင်းစားပြီးဖြစ်ဖြစ်၊ ဆော့ကစားပြီးဖြစ်ဖြစ် အချိန်မရွေး ကလေးနဲ့ ကလေးအနီးတဝိုက်ကို သန့်ရှင်းနေအောင်ထားရပါမယ်)

 

•           ကလေးကိုမချီပွေ့ခင် မေမေတို့ရဲ့လက်ကို အမြဲသန့်စင်အောင်ထားပါ။ ကလေးအရေပြားမှာ ကုတ်ရာ၊ခြစ်ရာတွေမဖြစ်စေဖို့ မေမေတို့လက်သည်းတွေကို အတိုညှပ်ပါ။

 

•           ကလေးကိုလည်း သူ့ဘာသာကုတ်ခြစ်မိတာမျိုးမဖြစ်အောင် လက်သည်းလေးတွေညှပ်ပေးပါ။ အိပ်နေတဲ့အချိန်မှာ လက်ကိုအဝတ်လက်အိတ်လေးစွတ်ထားပေးပါ။

 

•           ကလေးရဲ့ အရုပ်တွေအပါအဝင် အသုံးအဆောင်တွေကို မကြာခဏဆိုသလို သန့်ရှင်းရေးလုပ်ပေးပါ။ ကလေးအသုံးအဆောင်တွေကို သီးခြားထားရှိပါ။

 

•           ချည်သားအဝတ်အစားလေးတွေ လုံလုံခြုံခြုံဝတ်ပေးပါ။ မလိုအပ်ဘဲ ချွေးထွက်တာမျိုး မဖြစ်အောင် ကလေးကိုမလိုအပ်ဘဲ အဝတ်အစားထူထူမဝတ်ပေးပါနဲ့။

 

•           လမ်းလျှောက်တတ်စအရွယ်ရောက်နေပြီဆို ကလေးကို ဖိနပ်စီးပေးဖို့မမေ့ပါနဲ့။

 

ဒီလောက်ဆို နို့ပွေးနဲ့ပတ်သက်လို့ မေမေတို့အတွက် အကြံဉာဏ်ကောင်းလေးတွေဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော်။

 

 

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”