၃ ဇွန်
တကယ်တော့ ကျွန်တော်က လူထုသတင်းစာကိုကောင်းကောင်း မမီပါ။ လူထုသတင်းစာက ၁၉၆၇ ခုနှစ်ဇူလိုင်လ (၇)ရက်နေ့မှာ ရပ်စဲသွားသည်မို့ ထိုစဉ်က ကျွန်တော်အသက်ရှိလှ ခုနစ်နှစ်၊ ရှစ်နှစ်ပေါ့...။ ဆော့ကောင်း ကစားကောင်းတုန်းအရွယ်ပေါ့။ ဒါပေမယ့်အဖေနှင့်ရေစက်ရုံကြီးအနား (ယခု ဗဟိုမီးသတ်) က ဦးကြီးတို့အိမ်သို့ ဥပုသ်နေ့ အလည်အပတ်သွားလျှင်ဖြင့် ဦးကြီးတို့ ဧည့်ခန်း စားပွဲပေါ်မှာ လူထုသတင်းစာကိုတွေ့ ဖူးနေခဲ့သည်။ လေး ငါး ခြောက်နှစ်သား ကျွန်တော့်အရွယ်နှင့် ထိုစဉ်က လူထုသတင်းစာဆိုဒ် (ယခုထွက်နေသော သတင်းစာများအရွယ်၏ နှစ်ဆ) ဘယ်လိုမှကိုင်၍ဖတ်မရနိုင်လေတော့ စားပွဲပေါ်တင်ထားသည့် သတင်းစာခေါက်အတိုင်း မျက်နှာဖုံး၊ ကျောဖုံးအခြမ်း တွေလောက်သာ ကြည့်နိုင်ခဲ့သည်။ မှတ်မိနေတာကတော့ အခါကြီး ရက်ကြီးများ (သင်္ကြန်၊ ကဆုန်လပြည့်၊ ဓမ္မာစကြာနေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်း လပြည့်နေ့ ...စသည်)နှင့် ဂေဇက်ဝင်ရက်များ (တော်လှန်ရေးနေ့၊ မေဒေးနေ့၊ အာဇာနည်နေ့၊ ဟီရိုရှီးမားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့ ...စသည်)တွင်လူထုသတင်းစာမျက်နှာဖုံးက ရောင်စုံပန်းချီကားများ ဖြင့် သရုပ်ဖော်လေ့ရှိခြင်းဖြစ်သည်။ ကျွန်တော်က ငယ်စဉ်ကတည်းက ပန်းချီကားတွေကို ကြည့်ရတာ... ကူးဆွဲရတာ ဝါသနာပါသည်မို့ ... ထိုသတင်းစာများကို မက်မောနှစ်ခြိုက်နေမိသည်။
တစ်စောင်တည်းသော သတင်းစာ
ကျွန်တော်က လူထုသတင်းစာကို မျက်နှာဖုံးပန်းချီများအပေါ် စွဲမက်မှုအခန်းကဏ္ဍနှင့်ပဲ မှတ်မိနေ၏။ အတွင်းက သတင်းတွေ၊ ဆောင်းပါးတွေ၊ ဝေဖန်ရေးတွေဆိုသည်က... နောက် စာဖတ်အား ကောင်းလာချိန်မှ အဟောင်းတွေ ပြန်ဖတ်ပြီး တအံ့တဩဖြစ်ခဲ့ရ၏။ လူပျိုပေါက်အရွယ် စာဖတ်စအရွယ်မှာ ပြန်လည်ထိတွေ့ရတာက ဟံသာဝတီသတင်းစာပဲဖြစ်ပါ၏။ လူထုသတင်းစာနှင့် ဟံသာဝတီသတင်းစာအကြား သတင်းစာ ပြတ်လပ်နေသည့် ငါးနှစ်ဆိုသော သက်တမ်းသည် မန္တလေးအဖို့ အလွန်တရာကြာရှည်သည့် ကာလကြီးတစ်ခုဟု မှတ်ထင်ရသည်။ ထို့ကြောင့်၁၉၆၉ ခုနှစ် အောက်တိုဘာတွင် စတင်ထုတ်ဝေမည့်ဟံသာဝတီ သတင်းစာကို မန္တလေးသားတွေက အမျှော်လင့်ကြီး မျှော်လင့်ခဲ့သလို ရင်တခုန်ခုန်လည်း စောင့်မျှော်ခဲ့ရသည်။ မျှော်လင့်သည်က သတင်းစာတွေအပြိုင်းအရိုင်း ထွက်ခဲ့သည့်မြို့မှာ သတင်းစာဆိုလို့မူးလို့မှ ရှူစရာမရှိအောင် ဆိတ်သုဉ်းခဲ့သောကြောင့် တစ်စောင်တည်းသောသတင်းစာကို မျှော်လင့်သည်က ... သတင်းစာကို မျှော်လင့်ခြင်းမည်သလို၊ လူထုသတင်းစာနှင့် တစ်လျှောက်လုံး အသားကျ အာသာပြေ ဂုဏ်ယူခဲ့သော မန္တလေးအဖို့ ... ဟံသာဝတီသည် ထိုချင်ခြင်းကို ပြေပျောက်စေပါ့မလားဟူသော စိုးရိမ်စိတ ဖြင့်လည်း ရင်ခုန်နေမိခြင်းကြောင့် ဖြစ်ပါ၏။ မန္တလေးအဖို့ကံကောင်းပါ၏။ ဟံသာဝတီ အယ်ဒီတာချုပ် ဦးဝင်း တင်၏ စေတနာ၊ ဝါသနာ၊ အနစ်နာနှင့် သတ္တိ၊ အမြင်ကျယ်မှုများက မန္တလေးပရိသတ်၏ ချင်ခြင်းကိုဟံသာဝတီက ရာနှုန်းပြည့်နီးနီး ဖြည့်ဆည်းပေးခဲ့သည်ဟု ဆိုရပေမည်။ ထို့ကြောင့် မနက်လင်းလျှင်ဆွမ်းခံ ကိုယ်တော်နှင့်အတူ ဟံသာဝတီသတင်းစာက ကျက်သရေမင်္ဂလာရှိခဲ့သည်။ ပဲပြုတ်သည်နှင့်အတူ ဟံသာဝတီသတင်းစာက ဝီရိယကောင်းခဲ့သည်။
ကျွန်တော်သိမီခဲ့သော ဟံသာဝတီသတင်းစာ
ကျွန်တော်သိမီခဲ့သော ဟံသာဝတီသတင်းစာကလည်း ကျွန်တော် မြင်ဖူးရုံရှိခဲ့သော လူထုသတင်းစာနှင့် မျိုးဆက်ချင်း တူညီဆက်စပ်သည်ဟု ကျွန်တော်ခံစားရသည်။ ဟံသာဝတီခေါင်းကြီးအရေးအသားနှင့် ရပ်တည်ချက်အများစုလည်း လူထုသတင်းစာနှင့်နွှယ်သည်ဟုဆိုရမည်။ ဆောင်းပါးတွေကရော ... ဟံသာဝတီမှာလည်း လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဒေါက်တာသန်းထွန်း၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊ မောင်သစ်လွင်(လူထု)၊ ကြည်မြ၊ မြမျိုးလွင်၊ ရွှေဥဒေါင်းစသည် ... ။ ထို့နောက် ချင်းတွင်းချစ်သွေး ၊ မောင်ဝင်းမောင်(တမ္ပဝတီ)၊ စိန်မြင့်(ရွှေချည်ထိုး)၊ ကံချွန်၊ မြသောင်း (မြောက်ပြင်)၊ ကိုပညာ(အမရပူရ) စသည်။ ကဲ ... လူထုအရောင်၊လူထုအရိပ် (ဝါ) မန္တလေးအရောင်၊ မန္တလေး အရိပ်တွေပဲ မဟုတ်ပါလား။ နောက် ဟံသာဝတီသတင်းစာမှအယ်ဒီတာချုပ်နှင့် အယ်ဒီတာအဖွဲ့ ၊ သတင်းထောက်များ၏ သတင်း၊ သတင်းဆောင်းပါး၊ ဆောင်းပါးများက လည်း ဒေသစွဲနှင့်ရေးသည်ဟုပဲ ပြောပြော၊ မန္တလေး အရိပ်၊ မန္တလေးအရောင်တွေပဲ ဖြစ်နေသည်။ မန္တလေး သားတွေ ဟံသာဝတီကို ဘယ်နှယ့်မစွဲလမ်းဘဲ နေကြပါ့မလဲ ။ ဟံသာဝတီမှာ တစ်ခန်းကဏ္ဍအဖြစ် ပြောရမည့် ကာတွန်းကလည်း မန္တလေးလက်တွေချည်းဖြစ်နေ တာကလည်း မနက်လင်းလျှင် ဟံသာဝတီကို မျှော်ရသည့် အဓိကအချက်ထဲ ပါနေပြန်ပါ၏။
စာရေးဆရာများနှင့် မြင်ဖူးတွေ့ဖူးလိုခြင်း
ကျွန်တော်ကတော့ မတောက်တခေါက် စာဖတ်စအရွယ်၊ ဟံသာဝတီနှင့်ကြုံ၊ ဟံသာဝတီ တနင်္ဂနွေအချပ်ပိုကဏ္ဍများမှ သမိုင်း၊ သုတေသန၊ ယဉ်ကျေးမှုနှင့်စာပေဆိုင်ရာ ဆောင်းပါးများနှင့် ကြီးပြင်းစအချိန်မို့ ...ပုဂ္ဂိုလ်ပိုင်းဆိုင်ရာကို ပို၍အလေးပေးနေမိသည်။ ရှင်းလင်းစွာပြောရလျှင် စာရေးဆရာများနှင့် မြင်ဖူးတွေ့ဖူးလိုခြင်း..။ စာရေးဆရာများက အပြင်မှာ ဘယ်သို့ဘယ်ပုံပြုမူနေထိုင် ...၊ ဘယ်သို့ ဘယ်ပုံ ပြောဆိုကြသည်ဆိုသည်ကို အပေါင်းအသင်းများကြား ဦးစွာ သတင်းပေးဖြန့်ဝေ၍ ကြွားဝါလိုခြင်း... ဆိုသည့်ဆန္ဒများပဲ ဖြစ်သည်။ တကယ်တော့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း၏ စာဆိုတော်နေ့ စာတမ်း ဖတ်ပွဲများကို ဦးလေးများ၊ အစ်ကိုများ ပုဆိုးစဆွဲပြီး ဘာမှန်းညာမှန်းမသိဘဲ ကလေးအရွယ်က လိုက်သွား ဖူးပါ၏။ ဓမ္မဗိမာန်ခန်းမကြီးထဲ ပရိသတ်များကြားက စာရေးဆရာများကို မြင်ဖူးပါ၏။ သို့ပေမယ့် ကလေး အရွယ်မို့ ဘာစိတ်ကူး. ... ၊ ဘာဆန္ဒ... ၊ ဘာ... အာသီသမှမရှိခဲ့။ ယခု ဟံသာဝတီသတင်းစာ ဖိုးဝဇီရခန်းမက စနေစာပေဝိုင်းတွေမှာတော့ စာတမ်းများနှင့်အတူစာရေးဆရာတွေကိုပါ ... ပူးတွဲ၍ စိတ်ဝင်စားမိသည်။ ထို့ကြောင့်လည်း၊ ၁၉၇၀နှင့် ၁၉၈၀ ဝန်းကျင်၊ ကျွန်တော်ခြေဦးလှည့်ဖြစ်သောနေရာတွေက ရုံတော်ကြီး၊ ထိုင်စိန်ကဖေး (စာရေးဆရာတွေ၊ ကာတွန်းဆရာတွေထိုင်တတ်တယ် ဆို၍ )၊ ဟံသာဝတီ သက်သာလက်ဖက်ရည်ဆိုင် (စာမူလာပို့သူများနှင့် အယ်ဒီတာများ ထိုင်တတ်သည်ဆို၍)၊ ညဈေးတန်း မြင့်ကြည်အလင်းဆိုင်(ညအယ်ဒီတာများ ထိုင်တတ်သည်ဆို၍).... များဆီခြေဦးလှည့် ဖြစ်၏။ နေ့လယ်နေ့ခင်းဆိုလျှင် နဂါးတိုက် (ယခု၊ အောင်သပြေကော်ဇောတိုက်)ရှေ့ ပလက်ဖောင်းက အအေးဆိုင်လေးမှာ သုံးမတ်တန် စက်အေးဖျော်ရည်လေးတစ်ခွက် စိမ်ပြေနပြေသောက်ပြီး မျက်နှာချင်းဆိုင်လူထုကြီးပွားရေး စာအုပ်တိုက်ထဲက ထွက်လာနိုင်မည့်၊ ကဗျာဆရာ၊ စာရေးဆရာ ကာတွန်းဆရာ၊ အယ်ဒီတာ တွေကို စောင့်မျှော်နေမိသည်။
လူထုသတင်းစာ၏ အယ်ဒီတာတစ်ဦး
လူထုဦးလှနှင့် လူထုဒေါ်အမာကိုတော့ ... ကျွန်တော့်အစ်မနှင့် ပတ်သက်ပြီး လူထုတိုက် ဧည့်ခန်းထဲမှာထိ ထိုင်ကာ အစ်မနှင့် စကားပြော မေးမြန်းနေကြသည်ကို တွေ့ရှိမြင်ဖူးခဲ့ပြီးနောက် ကျွန်တော့်ဘဝ၏ အကြီးမားဆုံး ဆန ́အာသီသတစ်ခုကို စတင်လမ်းဖွင့်သွားခဲ့သည်ဟု မှတ်ယူရပါမည်။ နောက် အစ်မနှင့်အစ်ကို(ယောက်ဖ)နှင့်ပတ်သက်ပြီး ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)နှင့်လည်း မြင်ဖူးသိဖူးခဲ့ပြီ။ ဤသို့ဖြင့် ... ဆရာတော် ကိုပညာ(အမရပူရ)၊ ဆရာကံချွန်၊ ချင်းတွင်း ချစ်သွေး၊ မောင်ဝင်းမောင် (တမ္ပဝတီ)၊ စိန်မြင့် (ရွှေချည်ထိုး)၊ တက္ကသိုလ်မြင့်နိုင်စသည်...။
မှတ်မှတ်ရရ၊ တစ်ရက်က တမ္ပဝတီရှိ ဦးဝင်းမောင်(မောင်ဝင်းမောင်- တမ္ပဝတီ) အိမ်မှ အစ်မနှင့် နှစ်ယောက်သား ဘတ်စ်ကားနှင့် ပြန်လာကြစဉ် ... ဘတ်စ်ကားနောက်တက်ခုံပေါ်မှ ပုဂ္ဂိုလ်တစ်ယောက်က အစ်မက နှုတ်ဆက်လိုက်၏။ ထို့နောက် ထိုပုဂ္ဂိုလ်က တစ်နေရာရောက်တော့ ဘတ်စ်ကားပေါ်က ဆင်းနေရစ်ခဲ့သည်။ အစ်မက ... အဲ့ဒါ မောင်သစ်လွင်(လူထု) လေ...တဲ့။ လူထုသတင်းစာ၏ အယ်ဒီတာတစ်ဦးပေါ့။
ရွှေဝတ်ရည်တဲ့
ဤသို့ဖြင့် ၁၉၉၀ ပြည့်နှစ်ဝန်းကျင် စာပေစိတ်၊ နိုင်ငံရေးစိတ် ပဋိပက္ခများအကြား မန္တလေးမြို့မှရှားရှားပါးပါး မဂ္ဂဇင်းတစ်စောင်ထွက်ဖို့ပြင်ဆင်နေသည်။ ရွှေဝတ်ရည်တဲ့။ ထိုသတင်းက မြို့ခံစာပေ ဝန်းကျင်အတွက် ကောက်ရိုးတစ်မျှင်မှသည် မြက်နုတစ်ခင်း၊ သီးကင်းဝေဆာ သစ်ကောင်းတစ်ပင်ပမာ အထိ မျှော်လင့်လာကြ၏။ အဘယ်ကြောင့်ဟူမူရွှေဝတ်ရည်၏ ပဲ့ကိုင် မာလိန်မှူးက ဆရာမောင်သစ်လွင်(လူထု) ဟူသောကြောင့်ဖြစ်သည်။ သည်လိုနှင့် ၁၉၇၈ ခုနှစ် ဟံသာဝတီရပ်စဲပြီးနောက်... ၊ ၁၉၈၈ အရေးတော်ပုံကာလက ကလောင်မီးပွားများ၊ တဖြန်းဖြန်း တောက်ပခဲ့မှုကာလတို့မှာ ဖြုန်းခနဲ အရှိန်သတ်လိုက်စဉ်မျိုသိပ်ခဲ့ရသည့် အနုပညာတွေကို ရွှေဝတ်ရည် စာမျက်နှာတွေမှာ လိမ္မာသိုသိပ်စွာ ဖွင့်အန်ကြကုန်အံ့ဟူသော အာသီသများဖြင့် မ္တလေးသည် မျှော်လင့်ခဲ့ကြပြန်သည်။ ကဗျာ...၊ဝတ္ထုတို...၊ ဝတ္ထုရှည်၊ ဆောင်း ပါးနှင့် ကာတွန်းများ။
မမျှော်လင့်ဘဲ အရိပ်ခိုခွင့်
ထိုစဉ်ကာလမှာပဲ ကုန်လွန်ခဲ့သော ဆယ်စုနှစ်များ ဆီက တဒင်္ဂ ဖျတ်ခနဲသာ တွေ့ခဲ့ရသော ဆရာမောင်သစ်လွင် (လူထု)ထံ ကျွန်တော်မှာ မမျှော်လင့်ဘဲ အရိပ်ခိုခွင့်ရခဲ့လေတော့၏။ တကယ်တော့ ဆရာနှင့်တွေ့စဉ်ကျွန်တော်က ဆောင်းပါးလေးတွေ လေး၊ ငါး၊ ၁၀ ပုဒ်လောက်သာ မဂ္ဂဇင်းတွေထဲမှာ ပါဖူးသေးသောကာလ။ ဆူးငှက်ပင် အတောင်အလက်မစုံသေး...။ ကျွန်တော့်ကို သိကြသည်က ဆောင်းပါးရေးသော ကလောင်ဆန်း ကျော်မောင်တဲ့လေ။ သို့သော် ဆရာမောင်သစ်လွင်(လူထု)က ဆရာ့ကို လူထုဦးလှက လူထုသတင်းစာ အလုပ်သင် အယ်ဒီတာဘဝ ရေမကူးတတ်ခင် ရေကန်ထဲပစ်ချလိုက်သကဲ့သို့ ဘာမှမဟုတ်သေးသည့် ကျွန်တော့်ဘဝကိုလည်း ဆရာသစ် (မောင်သစ်လွင် -လူထု)က ရွှေဝတ်ရည်ရေကန်ထဲ ဘာမပြောညာမပြော ဝုန်းခနဲ ပစ်ချလိုက်တော့၏။ မသေချင်ရင် ကိုယ့်ဘာသာကူးပေရော့။
အမှုဆောင်အယ်ဒီတာဟူသော
အမှုဆောင်အယ်ဒီတာဟူသော မတန်မရာဂုဏ်ပုဒ်ဖြင့် ရောက်သည့် နေ့မှာပဲ ဂယ်လီပရု(ပ်)တွေ ဖတ်ခိုင်း၏။ ပြင်ခိုင်း၏။ (ထိုနေ့မှ ထို ဂယ်လီပရု(ပ်)ဆိုတာ မြင်ဖူး သည်)။ ထို့နောက် သူရှေ့သူ့စားပွဲမှာပဲ သတင်းဆောင်း ပါး တစ်ပုဒ်၊ အက်ဆေးတစ်ပုဒ် ရေးခိုင်း၏။ ပြီးတော့အင်တာဗျူးတစ်ပုဒ် ... ။ ထို့နောက် ကျွန်တော် မတန်တရာ လစဉ်ရေးသားသော ရှားပန်း ကလောင်နှင့် ဝေဖန်ရေးဆောင်းပါး(ပဉ္စမမြောက်အပုဒ်ဖြစ်မည် ထင်သည်) လက်ရေးမူကိုကိုင်ပြီး ကြီးကြီးကျယ်ကျယ် စကားလုံး ဗရပွနှင့် (ထိုစဉ်က သုံးနှုန်းသည့်စကားလုံးနှင့် ပြောရလျှင် ခြေသေးတရုတ်မ ခြေပတ်အဝတ်စကဲ့သို့ ရှည်လည်းရှည်၊ နံလည်းနံသော) ကျွန်တော်၏ လူတွင်ကျယ်ဝေဖန်ရေးဆောင်းပါးကို ဆရာသစ်ကိုယ်တိုင် လက်သမားသုံး နီပြာတံ (ထိုစဉ်က အယ်ဒီတာများ လက်စွဲ) ကြီးနှင့် တစ်ကြောင်းဖတ်၊ မလိုတာ ခဲနီခြစ်၊ နှစ်ကြောင် ဖတ်မလိုသည့် တစ်ကြောင်း ခဲနီနှင့်ခြစ်၊ နှုတ်မှလည်း နူးညံ့ညင်သာစွာဖြင့် ဒီစာလုံး လိုလား၊ မလိုဘူးနော်...ခြစ်။ ဒီစာကြောင်း ခြစ်လိုက်ရင် မင်းဆိုလိုချင်တာ ပျက်သွားသလား... မပျက်ဘူးနော်.... ဒါဆိုရင် ခြစ်။ ဒီစာပိုဒ်က နည်းနည်းမာနေသလား... မပါလို့ဖြစ်လား... ဖြစ်တယ်နော်၊ ဒါဆို တစ်ပိုဒ်လုံးခြစ်စသည်ဖြင့် ပြင်ဆင်တည်းဖြတ်ပေးရင်း သင်ကြားသည်။
ယူသော် ရကောင်း၏
ထိုသို့ ....ရဲပတောင်းခတ် ပြင်ဆင်ပေးပြီးသကာလ ... နိဂုံးချုပ်အနေနှင့် ကိုင်း .... ဒါဆိုရင် မင်းဆောင်းပါးလေးလှသွားပြီ။ မင်း အသက်၊ မင်းဝါနဲ့မင်းပြောမယ့် ရေးမယ့် အကြောင်းအရာ အချက်အလက်နဲ့ ပုဂ္ဂိုလ်ကကြီးနေမြင့်နေလေရဲ့ ... ။ ဒီတော့မင်းအနေနဲ့ ခြေဖျားထောက်၊ လက်သီးလက်မောင်းတန်းပြီး ပြောသင့်သလား။ မပြောသင့်ဘူးနော်...၊ ဟုတ်လား ...။ လက်လေးပိုက်၊ ခေါင်းလေးငုံ့ပြီး ညင်ညင်သာယာ ဖွယ်ဖွယ်ရာ ရာ သိမ်သိမ်မွေ့မွေ့ အောက်ကျို့ပြီး ပြောရင် ပိုမကောင်းဘူးလား...။ အေး... ကောင်းပါပေတယ်နော်။ အစက မင်းဆောင်းပါးမှာ ခြေဖျားထောက်၊ လက်သီးလက်မောင်းတန်းတာများနေတယ်။ အခုမှ မင်းဆောင်းပါးက လက်လေးပိုက်၊ ခေါင်းလေးငုံ့၊ သိမ်မွေ့သွားတာ။ သိမ်မွေ့တာ မကောင်းဘူးလား..။ အေး...ကောင်းတာပေါ့...ဟုတ်လား...။ ဆရာဇော်ဂျီကို သိတယ်နော်... စာပေအရာမှာ နှံ့စပ်တဲ့ ကဝိတစ်ဆူ မဟုတ်လား...။ ဆရာဇော်ဂျီလိုပုဂ္ဂိုလ်ကပင်လျှင် မှန်တဲ့ကိစ္စ ဖော်ပြရာမှာ ]ယူသော်ရကောင်း၏} လို့ပဲ ပြောခဲ့ရေးခဲ့တာကွယ့်စသည်ဖြင့် သိမ်မွေ့စွာ သင်ကြားလမ်းပြပေးခဲ့၏။
ရွှေဝတ်ရည် ရပ်နားပြီး ... ဒေါ်ဒေါ် လူထုဒေါ်အမာဆီမှာ ကျွန်တော်ရောက်သွားတော့ဆရာက အလွန်အားရဝမ်းသာသွားသည်။ ဆရာက မျိုးဆက်အမွေဆက်ခံမှုသဘောကို တဖွဖွပြောသည်...။ ဒေါ်ဒေါ်ထံမှာ ပညာအမွေ ...၊ သဘောတရား အမွေ...၊ စေတနာအမွေ ...၊ ရအောင်ယူပါဟုလည်း ဆရာနှင့်တွေ့တိုင်း ပြောသည်။
စာ၊ နယ်၊ ဇင်းဟူသော ထောက်သုံးထောက် စလုံးဆရာမောင်သစ်လွင် (လူထု)က လူထုသတင်းစာ၊ လူထု ဂျာနယ်နှင့် ရွှေဝတ်ရည်မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ်ဆောင်ရွက်ပေးခဲ့သဖြင့် သတင်း စာမှ ]စာ} ၊ ]ဂျာနယ်}မှ ]နယ်} ၊ မဂ္ဂဇင်းမှ ]ဇင်း} ...။ စာ၊ နယ်၊ ဇင်းဟူသော ထောက်သုံးထောက်စလုံးမှာ ပါဝင်ဆောင်ရွက်ခဲ့ရမှုကို ကျွန်တော်တို့အား ပြော ပြလေ့ရှိ၏။ သတင်းစာဆရာတစ်ယောက်အဖြစ် ဘဝကိုဖြတ်သန်းခဲ့ရမှုကိုလည်း ဆရာက အမြဲဂုဏ်ယူသည်။ ၁၉၆၇ ခုနှစ် ကတည်းက သတင်းစာဆရာ တာဝန်နှင့် ဝေးခဲ့ရသော်လည်း ယနေ့အထိထိုတာဝန်၊ ထိုဝိညာဉ်က ပျောက်ကွယ်မသွားသေး.....။ သန်းခေါင်သန်းလွှဲအထိ ရေဒီယိုတစ်လုံးနှင့် မြန်မာပိုင်း၊ အင်္ဂလိပ်ပိုင်း သတင်းအစီအစဉ်တွေပြီးမှ အိပ်ပျော်သတဲ့ ... ။
“မင်းတို့ ငါ့ဆီလာရင် ... မနက်စောစောမလာနဲ့.. ငါက သတင်းစာဆရာ၊ ညအယ်ဒီတာဘဝ မလွတ်မကျွတ်သေးဘူး။ လင်းအားကြီး ဖောင်ပိတ်ပြီးမှအိပ်ပျော်တော့ မနက်စောစော မနိုးဘူးကွဲ့”ဟုယခုတိုင် ရယ်ရွှန်းစကား ပြောမြဲဖြစ်ပါ၏။
ဆရာ့ကလောင်က သွက်လက်နုပျိုဆဲသတင်းခေတ်မှာ ဝါရင့်သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု) ထံက အတွေ့အကြုံတွေ၊ သတင်းစာပညာတွေအများကြီး ရနိုင်ပါပေသည်။ ဆရာ ရေးသားခဲ့သော သတင်းစာဆိုင်ရာ ဆောင်း ပါးတွေ၊ ယဉ်ကျေးမှုဆိုင်ရာဆောင်းပါးတွေလည်း အများကြီး ကျန်ပါသေးသည်။ စာတစ်အုပ်၊ ကျမ်း တစ်စောင်မက အုပ်ပေါင်းများစွာ၊ ကျမ်းပေါင်းများ စွာစုစည်း ထုတ်ဝေနေဆဲဖြစ်ပါ၏။ ဆရာ့ကလောင်က သွက်လက်နုပျိုဆဲဖြစ်ပါ၏။
ဆရာမောင်သစ်လွင်(လူထု) ကတော့ သမီးလိမ္မာ၊ မြေးလိမ္မာများနှင့် ပျော်ရွှင်ချမ်းမြေ့စွာ ခေတ်နှင့်အမီလိုက်ဆဲမို့ ယနေ့လက်ရှိ စာနယ်ဇင်း (မီဒီယာ)များနှင့် ပတ်သက်သည့် ဆရာ့အမြင်ဆောင်းပါး တွေကိုလည်း ကျွန်တော် ပူဆာချင်ပါသည်။ ဆရာ့လက်စွဲ နီပြာတံကြီးနှင့် ဒီကနေ့ အစောင်စောင်သော ဂျာနယ်စာမျက်နှာတွေကို ဖတ်ရှုသုံးသပ်တည်းဖြတ်မှုတွေပေါ့ ... ။ ဆရာ မအိုသေး။
ဆူးငှက်