တီဟီရန် ၂၉ နိုဝင်ဘာ
မကြာသေးမီက အီရန် ထိပ်တန်း နျူကလီးယား သိပ္ပံပညာရှင်တစ်ဦး သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ အစ္စရေးနိုင်ငံအပေါ် လက်တုံ့ပြန်ဖွယ်ရှိဟု သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောကြားလိုက်သည်။
သိပ္ပံပညာရှင် မိုဆန်ဖာရီဇာဒါမှာ နိုဝင်ဘာလ ၂၇ ရက်က တီဟီရန်မြို့တော် ဆင်ခြေဖုံးအရပ်၌ တိုက်ခိုက် ခံရမှုကြောင့် ကွယ်လွန်သွားခဲ့သည်။
အစ္စရေးနိုင်ငံက တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း၊ အီရန်နိုင်ငံက အချိန်မီ သင့်တော်သလို လက်တုံ့ပြန် မည်ဖြစ်ကြောင်း သမ္မတ ရိုဟာနီက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိ အမေရိကန်အစိုးရ၏ ကျန်ရှိသောသက်တမ်းအတွင်း အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့၏ အီရန်နိုင် ငံအပေါ် ရန်လိုသောအစီအမံများကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ထံ ပေးပို့သည့် စာတစ်စောင်အတွင်း ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံ အထူးကိုယ်စားလှယ် မာဂျစ်တတ်ချ်ရာဗာချီက သတိပေးခဲ့သည်။
အီရန်နိုင်ငံက ပြည်သူနှင့် အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် လိုအပ်သော အစီအမံများအားလုံး လုပ်ဆောင်ပိုင်ခွင့်ရှိကြောင်း ၄င်းက ပြောသည်။
အစ္စရေးနိုင်ငံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပံ့ပိုးကူညီမှုဖြင့် ရန်လိုသောအပြုအမူများ အရှိန်မြှင့်လုပ်ဆောင်နေကြောင်း အီရန်နိုင်ငံက ပြောသည်။
သိပ္ပံပညာရှင် မိုဆန် သတ်ဖြတ်ခံရပြီးနောက် တီဟီရန်မြို့ရှိ လမ်းမများပေါ် ဆန္ဒပြသူများ ထွက်လာခဲ့ပြီး အစ္စရေးနှင့် အမေရိကန်နိုင်ငံကို ဝေဖန်ခဲ့ကြသည်။
အစ္စရေးအစိုးရက အီရန် နျူကလီးယား သိပ္ပံပညာရှင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့် တုံ့ပြန်မှုမျှ မပြောကြားခဲ့ပေ။
ကိုးကား-NHK