တီဟီရန် ဖေဖော်ဝါရီ ၂၂
အီရန်နျူကလီးယားအရေးဆွေးနွေးရာတွင် စဉ်ဆက်မပြတ်တည်တံ့သည့် သဘောတူညီချက်ရရှိရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးဆောင်ရွက်မှုများ၏ အရေးပါမှုနှင့်ပတ်သက်၍ အီရန်နိုင်ငံခြားရေးဝန်ကြီး ဆာယိအဗတ်အေရာချီနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ရာဖယ်ဂရော်ဆီတို့ကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အီရန်နှင့် အမေရိကန်ကြား နျူကလီးယားအရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ရရှိသည့်ရလဒ်များကို ဖေဖော်ဝါရီ ၂၂ ရက်က ဖုန်းဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း အီရန် တရားဝင်သတင်းဌာန အိုင်နာက သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကလည်း နှစ်ဖက်ကြား ဂျီနီဗာဆွေးနွေး ပွဲရလဒ်များကို ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုဆိုင်ရာ လုပ်ငန်းမူဘောင်ကြမ်းတစ်ရပ် ထွက်ပေါ်လာစေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။ နျူကလီးယားအရေးဆွေးနွေးမှုများထပ်မံဆောင်ရွက်နိုင်ရန်အတွက် တည်တံ့သည့် လုပ်ငန်းမူဘောင်တစ်ရပ် သတ်မှတ်ရန် အီရန်ကလိုလားကြောင်း ဆာယိအဗတ်က ပြောကြားသည်။ လာမည့်ရက်များအတွင်း နျူကလီးယားဆွေးနွေးပွဲဆိုင်ရာ အဆိုပြုချက်တစ်ရပ်ကို အီရန်က အမေရိကန်ကိုယ်စားလှယ်အဖွဲ့ထံ တင်သွင်းမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။ အီရန်နှင့်အမေရိကန်ကြား တင်းမာမှုများမြင့်တက်နေချိန်တွင် နျူကလီးယားအရေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြစ်သည်။
ကိုးကား -ဆင်ဟွာ
ဘာသာပြန်-စိုးသူရ


