နျူကလီးယားလက်နက် ထိန်းချုပ်ရေး စိတ်ကူးအိပ်မက်တွေ ပြိုလဲတော့မလား

၁၈ မတ်

 

ကျွန်ုပ်တို့ဟာ  မိုင်းကွင်းတွေထဲမှာ သွားလာနေကြရပြီး ဘယ်နေရာကနေ ပေါက်ကွဲမလဲဆိုတာကို မသိတဲ့အဖြစ်မျိုး ကြုံနေရတယ်လို့ ယခုရက်သတ္တပတ်အတွင်း ဝါရှင်တန်ဒီစီမှာပြုလုပ်တဲ့ Carnegie နိုင်ငံတကာနျူကလီးယားမူဝါဒဆိုင်ရာ  ကွန်ဖရင့်အစည်းအဝေးမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အီဂေါ် အီဗန်နော့ရဲ့ သတိပေးချက်ရောက်ရှိလာပါတယ်။

 

မျိုးဆက်သစ်တွေအတွက် အိပ်မက်ဆိုးတစ်ခု

 

အီဗန်နော့ရဲ့  အဲဒီထင်မြင်ချက်ကို  အမေရိကန်  ဆီးနိတ်လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊            ကာလရှည်အောင် လက်နက်ထိန်းချုပ်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ခဲ့တဲ့  ဆမ်နွမ်က ထောက်ခံခဲ့ပါတယ်။  အကယ်၍သာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့အတူ  အလုပ်မလုပ်ကြတော့ဘူးဆိုရင်  ကျွန်ုပ်တို့ရဲ့ သားသမီး မြေးမြစ်တွေအတွက်  အိပ်မက်ဆိုးတစ်ခုဖြစ်လာနိုင်တယ်လို့   ၎င်းက    ပြောကြားလိုက်ပါတယ်။   ၎င်းက  လက်ရှိခေါင်းဆောင်တွေကို     သမ္မတရော်နယ်ရေဂင်နဲ့    မီခေးလ်ဂေါ်ဘာချော့ဗ်တို့ လုပ်ဆောင်ခဲ့သလိုမျိုး စစ်အေးတိုက်ပွဲ ပြီးဆုံး အောင်ချဉ်းကပ်ခဲ့ပုံမျိုးကို အတုယူဖို့ တိုက်တွန်းထားပြီး နျူကလီးယားစစ်ပွဲဆိုတာမျိုးက အနိုင်မရနိုင်ဘူး။    ဒီအတွက်ကြောင့်ဒါကိုဘယ်သောအခါမှ  ထည့်သွင်းစဉ်းစားလို့   မရဘူးဆိုတဲ့အဆိုကို  ဝန်းရံဖို့ ဆော်ဩနေပါတယ်။

 

သဘောတူစာချုပ်ပြိုလဲခဲ့

 

မစ္စတာရေဂင်ဟာ တိုက်ချင်းပစ်ဒုံးကျည်ကာကွယ်ရေးကို  စိတ်ကူးခဲ့ပြီး ရုရှားလုပ်ဖော်ကိုင်ဖက်  မစ္စတာဂေါ်ဘာချော့ဗ်နဲ့ နျူကလီးယားလက်နက်အလုံးစုံဖျက်သိမ်းရေး သဘောတူစာချုပ်တစ်ရပ်ဆီသို့  နီးစပ်လာစေခဲ့ပါတယ်။ ၎င်းရဲ့ ကြိုးပမ်းမှုတွေက နျူကလီးယားအင်အားကြီးနှစ်နိုင်ငံကို  နျူကလီးယားလက်နက်လျှော့ချရေး သဘောတူညီမှုရဲ့  အစဆီ ဆွဲခေါ်လာနိုင်ခဲ့ပါတယ်။ ယနေ့အခါမှာတော့ အဲဒီသဘောတူညီမှုဟာ  သံသယဖြစ်စရာ ကောင်းလာပြီး     တာလတ်ပစ်နျူကလီးယားလက်နက်ထိန်း ချုပ်ရေးသဘောတူစာချုပ်ဟာဆိုရင်လည်း  အမေရိကန်နဲ့ ရုရှား တို့က  စာချုပ်အတွင်းပါဝင်မှုကနေ ရပ်စဲလိုက်ချိန်ကစလို့ ပြိုလဲသွားခဲ့ရပြီပဲ ဖြစ်ပါတယ်။

 

မဟာမိတ်တွေ ဘဝင်မကျ

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတော့ ရုရှားဟာ အဲဒီစာချုပ်ကိုဖောက်ဖျက်နေခဲ့တာ    နှစ်ပေါင်းမနည်းဘူးလို့ အသေအချာပြောနေပါတယ်။ ပြီးတော့လည်း မြေပြင်ပစ်ခရုစ်ဒုံး ကျည်တွေကို   အခုတစ်ဖန်  ဖြန့်ကြက်လာနေတာက စာချုပ်ကိုချိုးဖောက်လိုက်တာပဲလို့ ဆိုပါတယ်။  ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ စွပ်စွဲမှုကို ငြင်းဆန်ထားပြီး  နေတိုးမဟာမိတ်အဖွဲ့တွေကသာ    ဝါရှင်တန်ကို          အားပေးကူညီနေတာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။  ဘယ်လိုပဲဖြစ်ဖြစ်  အမေရိကန်ရဲ့ မဟာမိတ်အများစုက ယခုအချိန်မှာ နိုင်ငံတကာအရေးကိစ္စတွေကို မစ္စတာထရမ့်က အလုံးစုံချဉ်းကပ်နေတာကိုတော့   ဘဝင်မကျ ဖြစ်နေတယ်ဆိုတာ ကွန်ဖရင့်စ်အစည်းအဝေးမှာ  ထင်ထင်ရှားရှား  တွေ့မြင်နေရပါတယ်။

 

စည်းစနစ်တွေ တိုက်စားခံရ

 

အမေရိကန်ဆိုင်ရာ ဂျာမနီသံအမတ်ကြီး အီမလီဟေဘာက နိုင်ငံတကာစည်းမျဉ်းစနစ်တွေနဲ့အညီ လိုက်နာမှုတွေ ရှိခဲ့ပေမယ့်ယခုအခါမှာ  အဲဒီစည်းစနစ်တွေ  တိုက်စားခံနေရပြီဆိုတာကို ထောက်ပြပါတယ်။  နိုင်ငံတစ်နိုင်ငံရဲ့အတိတ်က  ကျူးလွန်ခဲ့တဲ့မှားယွင်းမှုတစ်ခုအတွက်    အနာဂတ်မှာအဲဒီနိုင်ငံကို    ဘယ်လိုပြုမူဆောင်ရွက်ရမယ်ဆိုပြီး ပုံသွင်းပေးတာထက် အဲဒီနိုင်ငံအပေါ် စီးပွားရေးအရပိတ်ဆို့မှုတွေ   အလွန်အကျွံပြုလုပ်နေတာကို ထောက်ပြခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ခရိုင်းမီးယားဒေသကို ရုရှား က ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ဖြစ်ရပ်မှာ  အမေရိကန်က ရုရှားကိုလုပ်ဆောင်ခဲ့တဲ့  ပိတ်ဆို့မှုတွေကို ၎င်းက  ရည်ရွယ်ပြောဆိုလိုခြင်း  ဖြစ်ဟန်ရှိပါတယ်။

 

ယုံကြည်မှုကို ပျက်ပြားစေ

 

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့  ဂျာမနီဝန်ကြီးချုပ်အိန်ဂျလာမာကယ်လ်တို့အကြား တင်းမာမှုတွေ သိသိသာသာ ဖြစ်နေသော်ငြား မစ္စဟေဘာဟာ သမ္မတထရမ့်အစိုးရအဖွဲ့ကို  ပြောင်ပြောင်တင်းတင်းပြစ်တင်ရှုတ်ချတာမျိုးတော့ မပြုလုပ်ခဲ့ပါဘူး။ ၎င်းပြောပုံအရဆိုရင် သမ္မတပူတင်ရဲ့ ကျူးကျော်မှုမျိုးစုံဟာ  အချင်းချင်းယုံကြည်မှုနဲ့   သံတမန်ရေးရာဖြစ်စဉ်တွေကို ပျက်ပြားစေတယ်လို့    ထောက်ပြချင်တဲ့  သဘောဖြစ်ပါတယ်။    ကွန်ဖရင့်အစည်းအဝေး တက်ရောက်လာကြသူအများစုက  လက်နက်ထိန်းချုပ်ရေး   စိတ်ကူးယဉ်အိပ်မက်ဟောင်း  တစ်စစီပြိုပျက်သွားပြီဆိုတာ  သိပ်မရိုးရှင်းလှသလို နျူကလီးယားအင်အားကြီးနိုင်ငံတွေအကြား တင်းမာမှုတွေပိုပြီးကြီးထွားလာတယ်ဆိုတာလည်း ငြင်းမရဘူးလို့ အလေး အနက်ပြောကြားခဲ့ပါတယ်။

 

ဘာတွေပေါ်ထွက်လာမလဲ

 

ဒါက      နျူကလီးယားလက်နက်ယှဉ်ပြိုင်ဘက်တွေဖြစ်တဲ့ အိန္ဒယနဲ့ ပါကစ္စတန်နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုကိုလည်းပိုပြီး ပြင်းထန်လာစေတယ်ဆိုတဲ့  စိန်ခေါ်မှုသက်သက်လောက်ပဲလို့ ယူဆလို့ မရတော့ပါဘူး။ နောက်ထပ် ခြိမ်းခြောက်မှုအန္တရာယ်တစ်ခုဘွားခနဲ  ပေါ်ထွက်လာမှာကို  ၎င်းတို့က  စိုးရိမ်နေတာ ဖြစ်ပါတယ်။        လက်နက်ထိန်းချုပ်ရေးသဘောတူစာချုပ်ဟောင်း ပြိုလဲသွားပြီဆိုတာနဲ့  နည်းပညာမြင့် စိန်ခေါ်မှုအသစ်အဆန်းတွေကလည်း  အဲဒီနေရာမှာ ပေါ်ထွက်လာတော့မှာပါ။ အသံထက်မြန်တဲ့နှုန်းနဲ့   တိကျစွာပျံသန်းမယ့် ဒုံးကျည်တွေ၊ ဆိုက်ဘာလက်နက်တွေ၊      စစ်မက်ချဲ့ထွင်လာမှုတွေနဲ့အတူ အခြားသောအကျိုးဆက်တွေကိုပါ  ထည့်သွင်းစဉ်းစားရပါတော့မယ်။

 


စစ်ပွဲတွေပိုဖြစ်နိုင်

 

ယနေ့လိုခေတ်သစ်အချိန်အခါမှာ ကျွန်ုပ်တို့ဟာ ကြိုတင်စိတ်ကူးကြံစည်ထားတဲ့   တိုက်ခိုက်မှုတစ်ခုထက်    တတိယအဖွဲ့အစည်းရဲ့   ကြားဝင်စွက်ဖက်မှုအားဖြင့်  မှားယွင်းတဲ့  ခန့်မှန်းတွက်ချက်မှုတွေကြောင့်   စစ်ပွဲတွေပိုပြီးဖြစ်လာနိုင်ဖွယ်ရှိနေတယ်လို့ မစ္စတာနွမ်ကပြောခဲ့ပါတယ်။ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ  အမေရိကန် ဒုတိယအတွင်းရေးမှူး အန်ဒရီယာသွန်ပဆင်က  တရုတ်နိုင်ငံဟာ   INF  လိုမျိုး သဘောတူစာချုပ်တစ်ခုကို  စိတ်မဝင်စားဘူးဆိုတာကို အတိအလင်းဖော်ပြခဲ့ပါ တယ်။ ဒီတော့အမေရိကန်-ရုရှား နျူကလီးယားလက်နက်ဖျက်သိမ်းမှုရဲ့  အခြေခံအုတ်မြစ်ဖြစ်တဲ့      သဘောတူညီမှုအသစ်တစ်ရပ် စတင်ခြင်းဟာ ဆက်လက်တည်မြဲနေပါဦးမလား။

 

သက်တမ်းတိုးဖို့ အားရဖွယ်မရှိ

 

ဒီစာချုပ်က ၂၀၂၁  ခုနှစ်  ဖေဖော်ဝါရီလ   အစောပိုင်းလောက်မှာ      သက်တမ်းကုန်မှာဖြစ်လို့      အချိန်အားဖြင့်တိုတောင်းလှပါတယ်။    အမေရိကန်နဲ့     ရုရှားအကြီးတန်း အာဏာပိုင်တွေရဲ့   တင်ပြချက်အရဆိုရင်    စာချုပ်ရဲ့အသုံးဝင်မှုကို   အသိအမှတ်ပြုထားပြီး အချိန်ကာလသက်တမ်းတိုး ချဲ့ဖို့နဲ့  ပတ်သက်လို့တော့ သိပ်ပြီး  အားရစရာ  မရှိလှပါဘူး။  ကွန်ဖရင့်အစည်းအဝေးမှာ  သမ္မတ ထရမ့်ရဲ့   သံတမန်ရေးရာ   နောက်ထပ်မူဝါဒနဲ့ပတ်သက်ပြီး   သတင်းကောင်းတွေရှိခဲ့ပါ တယ်။    ဟနွိုင်းမှာ   ပြုလုပ်ခဲ့တဲ့ ထိပ်သီးအစည်းအဝေးမှာတုန်းက        မစ္စတာထရမ့်ဟာ      မြောက်ကိုရီးယားနဲ့      ကြီးကျယ်တဲ့အလျှော့အတင်းတစ်ခု   ပြုလုပ်ခဲ့ပါတယ်။သို့သော်လည်း မြောက်ကိုရီးယားခေါင်းဆောင်က နိုင်ငံရဲ့နျူကလီးယားအစီအစဉ်တွေထဲက သေးငယ်တဲ့ အစိတ်အပိုင်း လေးတစ်ခုလောက်ကိုပဲ  စွန့်လွှတ်ဖို့   ပြင်ဆင်ခဲ့တာဖြစ်ပြီ အပေးအယူအနေနဲ့  မြောက်ကိုရီးယားအပေါ်  စီးပွားရေးအရ ပိတ်ဆို့မှုတွေအားလုံးကို       ဖယ်ရှားပေးဖို့တောင်းဆိုခဲ့တာကြောင့်   ဆက်မဆွေးနွေးတော့ဘဲ  နောက်ကြောင်းပြန်လှည့်ခဲ့တာဖြစ်တယ်လို့  မစ္စတာထရမ့်က ဆိုထားပါတယ်။

 

အရေးတကြီးဆွေးနွေးဖို့ လိုအပ်နေ

 


အကယ်၍ ခေတ်ဟောင်းပုံစံ လက်နက်ထိန်းချုပ်ကန့်သတ်ရေးသဘောတူညီမှုတွေ    ပျက်ပြားခဲ့မယ်ဆိုရင် နောက်ထပ်အသစ်တွေကို    ထိန်းချုပ်ဖို့အတွက်  အရေးယူဆောင်ရွက်မှုတွေကို သဘောတူဖို့ ဘယ်လောက်တောင်ခက်ခဲလိမ့်မလဲဆိုတာနဲ့  သမားရိုးကျလက်နက်ထိန်းချုပ်ရေးခေတ် ကုန်သွားပြီလားဆိုတာ       တွေးဆစရာဖြစ်လာပါတယ်။  ရုရှား၊ ဥရောပနဲ့  အမေရိကန်နိုင်ငံသားတွေ တူညီစွာ အာရုံရ နေတဲ့    အချက်တစ်ချက်ကတော့   ဝါရှင်တန်နဲ့   မော်စကိုအကြားမှာ   မဟာဗျူဟာကျတဲ့   တည်ငြိမ်မှုနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတစ်ခု   အရေးတကြီးလိုအပ်နေပြီဆိုတဲ့  အချက်ပဲဖြစ်ပါတယ်။

 

စစ်အေးကာလရဲ့  အရှိန်အဟုန်အမြင့်ဆုံးအချိန်တစ်ခုမှာ   အမေရိကန်နဲ့     ဆိုဗီယက်ယူနီယံတို့ဟာ  တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန်တိ်ုက်ခိုက်ဖျက်ဆီးဖို့ ခြိမ်းခြောက်ခဲ့ကြ ပါတယ်။ အဲဒီခြိမ်းခြောက်မှုကနေပဲ  နားလည်မှုနဲ့  သဘော တူညီမှုစနစ်တစ်ခုကို        ပေါက်ဖွားလာစေခဲ့တာဖြစ်ပေမယ့်ဟောင်းနွမ်းနေတဲ့  စည်းမျဉ်း၊ စည်းကမ်းတွေပါတဲ့စာအုပ်ကိုခုချိန်မှာ  ပစ်ပယ်လိုက်ဟန်ရှိပုံပါပဲ။အတိတ်ကာလက  မသင့်မြတ်မှုတွေနဲ့    ရန်လိုမုန်းတီးခြင်းတွေ   တစ်ကျော့ပြန်လာခဲ့ပြီး ယခင်ကထက်ပိုပြီး အန္တရာယ်ကြီးလာမလားဆိုတာက စိုးရိမ်ဖွယ်ဖြစ်လာပါတယ်။        

 


ကလျာမိုးမြင့်
ကိုးကား- အေအက်ဖ်ပီ၊ဘီဘီစီ