ဂျီနီဗာ ၁၈ စက်တင်ဘာ
နိုင်ငံရေးနှင့် စစ်ရေးကျွမ်းကျင်သူ အယောက် ၁၀ဝ ကျော်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့၏ ကြေညာချက်တွင် ၂၀၁၉ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မည့် ကမ္ဘာ့ခေါင်းဆောင်များသည် နျူကလီးယားလက်နက်ထိန်းချုပ်ရေးကို မဖြစ်မနေ ဦးစားပေးဆွေးနွေး သင့်ကြောင်း ဖော်ပြပါရှိသည်။
မတော်တဆမှုနှင့် မှားယွင်းတွက်ချက်မှုများကြောင့် နျူကလီးယားအန္တရာယ်ကျရောက်နိုင်ခြေသည် အမြင့်ဆုံးအဆင့်သို့ ရောက်နိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထားသည်။
စစ်အေးကာလအတွင်း သဘောတူညီခဲ့သည့် တာလတ်ပစ်နျူကလီးယား တပ်ဖွဲ့ဆိုင်ရာစာချုပ် (အိုင်အင်န်အက်ဖ်) ကို တရားဝင်ရပ်ဆိုင်းရန် အမေရိကန်နှင့် ရုရှားတို့ ကြေညာပြီးနောက်တွင် ပျက်ပြားသွားသည့် အိုင်အင်န်အက်ဖ် စာချုပ်ကို ရုရှားက ချိုးဖောက်သည်ဆိုကာ အမေရိကန်စွပ်စွဲခဲ့သလို ရုရှားကလည်း လက်နက်သစ်တွေ ထုတ်လုပ်သွားမည်ဟု ကြေညာခဲ့သည်။
အဆိုပါ အရေးနှင့်ပတ်သက်ပြီး ဥရောပသမဂ္ဂအတွက်သာမက တစ်ကမ္ဘာလုံးအတွက်ပါ စိုးရိမ်မှုတွေ မြင့်တက် လာသည့်အတွက် ကုလသမဂ္ဂညီလာခံတွင် ဆွေးနွေးကြရန် ကျွမ်းကျင်သူတွေက လက်မှတ်ရေးထိုး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
ဆယ်စုနှစ်ချီ အားကိုးလာခဲ့သည့် လက်နက်ထိန်းချုပ်ရေးဆိုင်ရာ ဖွဲ့စည်းပုံသည် တဖြည်းဖြည်း ပျက်ယွင်းလာပြီး နျူကလီးယားဆက်နွှယ်လက်နက်များလည်း တစ်ဟုန်ထိုး တိုးတက်လာ ကြောင်း၊ ထိုသို့ဖြစ်လာခြင်းကြောင့် လက်နက်များကို စိတ်တိုင်းကျ ထုတ်လုပ် သိုမှီးလာနိုင်သလို အန္တရာယ်လည်း မြင့်မားလာစေကြောင်း ဥရောပခေါင်း ဆောင်မှုကွန်ရက်အဖွဲ့ ဥက္ကဋ္ဌနှင့် ဗြိတိသျှ ကာကွယ်ရေးဝန်ကြီးဟောင်းလည်းဖြစ်သည့် ဒက်စ်ဘရောင်းက ပြောသည်။ လက်နက်သစ်ကြောင့် ဖြစ်ပေါ်လာနိုင် သည့် အန္တရာယ်များ လျော့ပါးသွားစေရန် နည်းလမ်းသစ်တွေ ရှာကြံရန် အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကိုလည်း ၄င်းတို့အဖွဲ့က တိုက်တွန်းလိုက်သည်။
အေအက်ဖ်ပီ