နျူကလီးယားသိပ္ပံပညာရှင်ကို လုပ်ကြံသတ်ဖြတ်သူအား ပြစ်ဒဏ်ပေးရန် အီရန်ထိပ်တန်းခေါင်းဆောင် တိုက်တွန်း

တီဟီရန် ၂၈ နိုဝင်ဘာ 

အီရန်နိုင်ငံ၏ ထိပ်တန်းနျူကလီးယား သိပ္ပံပညာရှင်အား လုပ်ကြံသတ်ဖြတ်သူကို ပြစ်ဒဏ်ပေးရန် အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာအာလီခမေနီက ယနေ့တိုက်တွန်းလိုက်သည်။

အီရန်နိုင်ငံ၏ ထင်ရှားသော နျူကလီးယားသိပ္ပံပညာရှင် မိုရှင်ဖာခရီဇာဒက်သည် ရာဇဝတ်မှု ဆိုင်ရာကြေးစားများ၏ လုပ်ကြံခြင်းကို ခံခဲ့ရကြောင်း ခမာနီက ၎င်း၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ 
ယင်း ရာဇဝတ်မှုအား စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ပေးရန် ခေါင်းဆောင်ခမေနီက အီရန်အာဏာပိုင်များအား တိုက်တွန်းလိုက်သည်။

ထို့အပြင် အီရန်ထိပ်တန်းခေါင်းဆောင်သည် နယ်ပယ်အသီးသီး၌ သိပ္ပံပညာရှင်ဖာခရီဇာဒက်၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်ရန်လည်း တိုက်တွန်းလိုက်သည်။

အီရန်နိုင်ငံ၏ အဆင့်မြင့်နျူကလီးယားသိပ္ပံပညာရှင် ဖာခရီဇာဒက်သည် မြို့တော်တီဟီရန်မှ မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာရှိ ကျေးရွာတစ်ရွာတွင် နိုဝင်ဘာ ၂၇ ရက်က လက်နက်ကိုင်အကြမ်းဖက်သမားများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီးနောက် ၎င်း၏ဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ