နျူလက်နက်အစီအစဉ် စွန့်လွှတ်ရေး ဖိအားပေးမှုရပ်တန့်ရန် အမေရိကန်အား မြောက်ကိုရီးယား တောင်းဆို

အမေရိကန်ပြည်ထောင်စုက နျူကလီးယားအစီအစဉ်စွန့်လွှတ်ရန် မြောက်ကိုရီးယားနိုင်ငံအပေါ် ဖိအားပေးမှု ရပ်တန့်ပေးရန် မြောက်ကိုရီးယားနိုင်ငံက တောင်းဆိုခဲ့သည်။

လာမည့် ဇွန်လ ၁၂ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ ထိပ်သီးဆွေးနွေးပွဲ တစ်နှစ်ပြည့် အခမ်းအနားမကျင်းပမီ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် အင်္ဂါနေ့တွင် မှတ်ချက်စကားပြောကြားခဲ့သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့် နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့က အဆိုပါ ထိပ်သီးဆွေး နွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ကြသည့် ပူးတွဲကြေညာချက်အတိုင်း လက်တွဲလုပ်ကိုင်ကြရန် ကတိပြုခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ကြေညာချက်ကို ပြီးမြောက်အောင် အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း ကြေညာချက်၏ အရေးပါမှုကို အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က  အလေးထား ပြောဆိုခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ကြေညာချက်ကို  နောက်ပြန်လှည့်ခဲ့ကြောင်း  အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံအား နျူကလီးယားလျော့ချရေးနှင့် ပတ်သက်ပြီး တစ်ဖက်သတ် အင်းအားသုံးခြင်းဖြင့် တိုင်းပြည်ကို ဖျက်ဆီးရန်ကြိုးစားနေခဲ့သည်ဟု ၎င်းကဆိုသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဗီယက်နမ်နိုင်ငံ၌ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ဘူးသော်လည်း မည့်သည့် သဘောတူညီချက်ကိုမှ ရရှိခြင်းမရှိခဲ့ပဲ အဆုံးသတ်ခဲ့ရသည်။

အမေရိကန်ပြည်ထောင်စုသည် တစ်သက်တာအခွင့်အလမ်းလွဲချော်စေနိုင်သည့်  နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးရေးအတွက် သံသယဖြစ်စေသည့် အရိပ်အငွေ့များ ပြသခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် စိတ်ရှည်သီးခံခြင်းသည် အတိုင်းအတာရှိကြောင်း လက်ရှိနည်းလမ်းကို တတ်နိုင်သမျှ အမြန်ဆုံးပြောင်းလဲရန် တောင်းဆိုလိုက်သည်။ တောင်းဆိုချက်ကို တုံ့ပြန်ရန် အမေရိကန်ပြည်ထောင်စုကို မြောက်ကိုရီးယားနိုင်ငံက တိုက်တွန်းခဲ့သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်