နယူးဒေလီ ဖေဖော်ဝါရီ ၂၀

အိန္ဒိယနိုင်ငံ  နယူးဒေလီ မြို့တော်၌  ဉာဏ်ရည်တုနည်းပညာဆိုင်ရာ  အစည်းအဝေးကို ယမန်နေ့တွင် ကျင်းပခဲ့သည်။

ဉာဏ်ရည်တုကွန်ဖရင့်တွင် ကမ္ဘာ့ခေါင်းဆောင်များက ဉာဏ်ရည်တုနည်းပညာကို ဘေးကင်းလုံခြုံစွာ အသုံးပြုစေနိုင်ရန်အတွက် ဘုံစည်းမျဉ်းစည်းကမ်းများကို အမြန်ဆုံးချမှတ်ရန် တောင်းဆိုခဲ့သည်။

ဉာဏ်ရည်တုကွန်ဖရင့်သို့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီ၊ ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဘရာဇီးသမ္မတ လူးဝစ်အီနာစီယို လူလာဒါ ဆေးဗားတို့ တက်ရောက်ခဲ့သည်။ ထို့ပြင် ဉာဏ်ရည်တုနည်းပညာနယ်ပယ်   ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းနေကြသော နည်းပညာကုမ္ပဏီများလည်း တက်ရောက်ခဲ့သည်။

ဉာဏ်ရည်တုနည်းပညာသည် လူသားများအတွက် ကြီးမားသော အကျိုးကျေးဇူးများကို ယူဆောင်လာကြောင်း   သမ္မတမိုဒီက ၎င်း၏မိန့်ခွန်းတွင်  ထည့်သွင်း ပြောကြားခဲ့သည်။ သို့သော် ဉာဏ်ရည်တုနည်းပညာ ဘေးကင်းရေးဆိုင်ရာ ရှင်းလင်းပွင့်လင်းမြင်သာသော စည်းမျဉ်းများ ဖန်တီးရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပြီး  နည်းပညာကုမ္ပဏီများအနေဖြင့် ကျင့်ဝတ်ဆိုင်ရာ အခြေခံမူများကို လိုက်နာပြီး တာဝန်ခံမှုရှိရန် တောင်းဆိုခဲ့သည်။

အိန္ဒိယနိုင်ငံက ဉာဏ်ရည်တုနည်းပညာနယ်ပယ်တွင် အဓိကအရေးပါသည့်နိုင်ငံဖြစ်လာစေရန် ၎င်း၏ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဒေတာစင်တာများကို လက်ခံကျင်းပရန်   အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယနိုင်ငံသည် ၎င်း၏ ကြွယ်ဝသော နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်နှင့် လူပေါင်း ၁ ဒသမ ၄ ဘီလီယံကျော်၏ ကြီးမားသော စျေးကွက်ကို မီးမောင်းထိုးပြရန် ထိပ်သီးအစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်