ဉာဏ်ရည်တုနည်းပညာကို ထိန်းချုပ်ရေး စည်းမျဉ်းများသတ်မှတ်ရန် အမေရိကန်နှင့် တရုတ်တို့လေ့လာ

 

မောင်သာယာ

 

အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ဉာဏ်ရည်တုဖန်တီးမှု သို့မဟုတ် အေအိုင်ကိုထိန်းချုပ်ရန် ရည်ရွယ်သည့် ဖြစ်နိုင်ခြေရှိသော လုံခြုံရေးမူဝါဒများကို စဉ်းစားသုံးသပ်လျက်ရှိကြသည်။

 

ဘိုင်ဒင်အစိုးရသည်  ဉာဏ်ရည်တုစက်မှု လုပ်ငန်းကို လမ်းညွှန်ထိန်းချုပ်ရန်အတွက် စည်းမျဉ်း စည်းကမ်းများနှင့်ပတ်သက်၍ အများပြည်သူ၏ သဘောထားမှတ်ချက်များကို ရှာဖွေလျက်ရှိသည်။ တရုတ်နိုင်ငံ၏ အင်တာနက်ကြီးကြပ်ရေးအဖွဲ့ကလည်း မကြာသေးမီက အေအိုင်နှင့်ပတ်သက်သည့် ဥပဒေများကို ထုတ်ပြန်ကြေညာခဲ့သည်။ 

 

ChatGPT သည် လူအများ၏ အာရုံကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်ဖမ်းစားနိုင်သော အေအိုင် နည်းပညာသစ် တစ်ခုဖြစ်သည်။ ChatGPT တွင် လူသား၏ ဉာဏ်ရည်ကိုတုပထားသော ဉာဏ်ရည် တုရှိနေပြီး မေးခွန်းပေါင်းများစွာကို စာဖြင့်ဖြေဆိုနိုင်သော စွမ်းရည်များရှိသည်။ အမေရိကန် လွှတ်တော်အမတ်များသည် ဉာဏ်ရည်တုထုတ်ကုန်များကို ရှာဖွေလေ့လာလျက်ရှိကြသည်။ ChatGPT သည် ဈေးကွက်သမိုင်းတွင် အလျင်မြန်ဆုံးတိုးတက်မှုရှိသော အက်ပလီကေးရှင်းဖြစ်သည်။ ၎င်းတွင် လစဉ်အသုံးပြုသူ သန်း ၁၀၀ ကျော်ရှိသည်။

 

အမျိုးသားဆက်သွယ်ရေးနှင့် သတင်းအချက် အလက်စီမံခန့်ခွဲရေး အေဂျင်စီ (အင်န်တီအိုင်အေ) သည် ဘိုင်ဒင်အစိုးရအား တယ်လီဖုန်းဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မူဝါဒဆိုင်ရာများ အကြံပေးလျက်ရှိသည်။ အေအိုင်စနစ်များသည် တရားဝင်မှု၊ ထိရောက်မှု၊ ကျင့်ဝတ်နှင့် ဘေးကင်းပြီး စိတ်ချယုံကြည်ရသော လုံခြုံရေးအတွက် ဆောင်ရွက်ပေးနိုင်မည့်အစီအမံများ ရှိ/ မရှိကို အေဂျင်စီက သိလိုသည်။

 

အင်န်တီအိုင်အေ အကြီးအကဲ အလန်ဒေးဗစ်ဆန်းက တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော အေအိုင် စနစ်များသည် ကြီးမားသောအကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်သော်လည်း ၎င်းတို့၏ ဖြစ်နိုင် ခြေရှိသော ဘေးအန္တရာယ်များနှင့် သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မှသာလျှင် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။ ဤစနစ်များသည် ၎င်းတို့၏ ဖြစ်နိုင်ခြေ အလားအလာများ အပြည့်အဝရရှိစေရန် ကုမ္ပဏီ များနှင့် သုံးစွဲသူများက ၎င်းတို့ကို ယုံကြည်မှုရှိနေရန် လိုအပ်သည်ဟု အလန်ဒေးဗစ်ဆန်းက ဆက်လက်ပြောကြားသည်။

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အေအိုင်သည် အန္တရာယ် ရှိ/ မရှိစောင့်ကြည့်ရဦးမည်ဟု ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ ‘‘ကျွန်တော့် အမြင်အရတော့ နည်းပညာကုမ္ပဏီတွေဟာ သူတို့ရဲ့ထုတ်ကုန်တွေကို လူသိရှင်ကြား မထုတ်ပြန်ခင်မှာ ထုတ်ကုန်တွေ ဘေးကင်းဖို့၊ သေချာအောင်လုပ်ဖို့ တာဝန်ရှိပါတယ်ဟု သူက ဆက်လက်ပြောကြားသည်။

 

ChatGPT သည် ကယ်လီဖိုးနီးယားအခြေစိုက် OpenAI မှ ဖန်တီးထားပြီး နည်းပညာကုမ္ပဏီ Microsoft မှ ကျောထောက်နောက်ခံပြုထားသည်။

 

ကုမ္ပဏီများက ၎င်းတို့လုပ်ဆောင်မှုနှင့် ထိခိုက်မှုမဖြစ်စေရေး အေအိုင်စနစ်များ အလုပ်လုပ်ကြောင်း သေချာစေရန် ကြိုးပမ်းမှုများကို လေ့လာစောင့်ကြည့်ကာ အင်န်တီအိုင်အေသည် အစီရင်ခံစာ တစ်စောင် ရေးသားရန် စီစဉ်နေသည်။ အေအိုင်ဆိုင်ရာအန္တရာယ်များနှင့် အကျိုးကျေးဇူးများကို ကြီးကြပ်ရန် ကြိုးပမ်းမှုသည် ဖက်ဒရယ် နည်းလမ်းကို သေချာစေရန် ရည်ရွယ်ကြောင်း အေဂျင်စီက ပြောကြားသည်။

 

ဉာဏ်ရည်တုနှင့် ဒစ်ဂျစ်တယ်မူဝါဒဆိုင်ရာ ဗဟိုဌာနသည် လွတ်လပ်ပြီး အကျိုးအမြတ်မယူသော နည်းပညာဆိုင်ရာ ကျင့်ဝတ်အဖွဲ့ဖြစ် သည်။ အဆိုပါအဖွဲ့က OpenAI ၏ GPT-4 အသစ်ထွက်ရှိမှုကို ထုတ်ပြန်ခြင်းမပြုရန် အမေရိကန်တာဝန်ရှိသူများကို တောင်းဆိုထားသည်။ GPT-4 သည် ကိုယ်ရေးကိုယ်တာနှင့် အများသူငါ ဘေးကင်းရေးတို့အတွက် အန္တရာယ်ဖြစ်စေသည်ဟု အဆိုပါအဖွဲ့က ပြောကြားသည်။

 

တရုတ်နိုင်ငံ၏ အေအိုင်စည်းမျဉ်း

 

တရုတ်နိုင်ငံ၏ အင်တာနက်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဉာဏ်ရည်တုနည်းပညာ ထုတ်လုပ်သူများ အနေဖြင့် ထုတ်ကုန်သစ်များကို လူသိရှင်ကြားမထုတ်ပြန်မီ လုံခြုံရေးသုံးသပ်ချက်များကို သဘောတူရန် လိုအပ်မည့် အဆိုပြုထားသော ဥပဒေတစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

 

အဆိုပြုထားသော ဥပဒေကို တရုတ်နိုင်ငံ၏ ဆိုက်ဘာစပေ့စီမံခန့်ခွဲရေးမှ ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေတွင် နောင်ထွက်ပေါ်လာမည့် အေအိုင်ထုတ်ကုန်များမှ ဖန်တီးထား သော အကြောင်းအရာများသည် နိုင်ငံ၏တန်ဖိုးများကို ကိုယ်စားပြုရမည်ဟု ဖော်ပြထားသည်။ နိုင်ငံတော်အာဏာကို ဆန့်ကျင်ရာတွင် နည်းပညာ ကို အသုံးမပြုရဟူ၍ ဥပဒေတွင် ဖော်ပြထားသည်။ ထို့အပြင် အဆိုပါဥပဒေ၌ အေအိုင်အကြောင်း အရာများသည် လူမျိုး၊ လူမျိုးစု၊ လိင်အပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခြင်းမပြုရမည့်အပြင် မှားယွင်းသော သတင်းအချက်အလက်များကိုလည်း မပေးသင့်ကြောင်း ဖော်ပြထားသည်။

 

အထက်ပါ အဆိုပြုထားသောဥပဒေသည် ယခုနှစ်အတွင်း အသက်ဝင်လာမည်ဟု မျှော်လင့်ရသည်။ အဆိုပါစည်းမျဉ်းစည်းကမ်းများသည် တရုတ်နိုင်ငံအခြေစိုက် Alibaba ၊ JD.com နှင့် Baidu တို့အပါအဝင် နည်းပညာကုမ္ပဏီများက အေအိုင်ထုတ်ကုန်သစ်များ ထုတ်ပြန်လိုက်ခြင်းကြောင့် ထွက်ပေါ်လာရခြင်းဖြစ်သည်။ ၎င်းထုတ်ကုန်များတွင် ရုပ်ပုံများနှင့် စာသားများအပါအဝင် လူနှင့်တူသော အပြောအဆိုနှင့် အကြောင်းအရာများကို ဖန်တီထားသည်။ OpenAI က လွန်ခဲ့သည့် နိုဝင်ဘာလတွင် ChatGPT ကို စတင် မိတ်ဆက် ပြီးကတည်းက အေအိုင်ထုတ်ကုန်များသည် လူသိများ ထင်ရှားလာခဲ့သည်။ ။

 

ကိုးကား- US, China Study Possible Rules for Artificial Intelligence ကို ဘာသာပြန်သည်။